Home သတင်း ကော့ကရိတ်ရှိ စကခ ၁၂ အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

ကော့ကရိတ်ရှိ စကခ ၁၂ အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

1166
Photo: CJ

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အထွက် လမ်ပိုင်းနေရာရှိ ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စ ကခ ၁၂) ဌာနချုပ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်မှ စတင်ကာ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း တိုက်ပွဲဖြစ်ပွားရာနေရာအနီး ဒေသခံရွာသားများက ကေအိုင်စီသို့ ပြော သည်။

အဆိုပါ တိုက်ပွဲသည် စကခ-၁၂ ဌာနချုပ်အနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၃၀၊ ၂၃၁) အပြင် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း GE တပ်နှင့် အမြှောက်တပ်ရင်းများလည်း အခြေစိုက်ရာ နေရာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းအပြင် မြေပြင်လက် နက်ကြီးနှင့်သံချပ်ကာ အမြှောက်ယာဉ်များအသုံးပြု၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း တံတား ကျိုး၊ လှိုင်ကွယ်ကျေးရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “မနက် မိုးလင်းကတည်းက ပစ်နေကြတာ၊ ၂၃၁၊ ၂၃၀ ခြေလျင်တပ်ရင်း အနောက်ဘက်ကနေ အလုံးကြီး အလုံးသေးသံတွေ စကြားရတယ်။ အဲ့နေရာက GEတပ်၊ အမြှောက်တပ်ရှိတဲ့ နေရာမှာ ကရင်အဖွဲ့တွေ ၀င်တိုက်တာ လို့တော့ သိရတယ်။ နောက်တော့ တောင်ယာခြံ သွားသူတွေ ပြန်ပြေးလာကြပြီးတော့ သိပ်မကြာဘူး ပုဇင်း (ရဟတ်ယာဉ်) နဲ့ ပတ်ဝဲပြီး ပစ်သံကြားရတော့ ရွာသားတွေ ၅ တိုင်ရွာ ဘက်ပြေး တောင်ကြာ အင်းလမ်းဆုံဘက် ပြေးကြရတယ်၊ လက်နက်ကြီးကတော့ တအုန်းအုန်းပဲ ပစ်တာ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကောကရိတ်-မြ၀တီ လမ်းပိုင်း အာရှလမ်းသစ် တောနော် ရေတံခွန်ကွေ့ တံတားအမှတ် ၅/၉၁ မိုင်းခွဲခံခဲ့ရပြီး တံတားကျိုးပျက်နိမ့်ဆင်းခဲ့ပြီး သင်္ဃန်းညီနောင် မြို့အနီးရှိ မော်လမြိုင်-မြ၀တီ ဓါတ်အားခွဲရုံတွင်လည်း ဒေသခံများ ပြောစကားအရ ဒရုန်းဖြင့် ဗုံးကြဲခံရသဖြင့် လျှပ်စစ်ဓါတ်အား လိုင်းခွဲ Transformer ကြီး ၃ ခု မီးလောင်ပျက်စီးသွားကြောင်း နှင့် မြ၀တီအာရှလမ်းသစ်လမ်းပိုင်း တစ်လျှောက်လမ်းမကြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း စစ်ကောင်စီဘက်က ပိတ်ထားလိုက်သည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရှိရသေးသော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြားနှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ဆိုသည်။

Photo: CJ