Home သတင်း ဖာပွန်မြို့ လှေဆိပ်တွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံမှုများ ပြုလုပ် လျက်ရှိနေ

ဖာပွန်မြို့ လှေဆိပ်တွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံမှုများ ပြုလုပ် လျက်ရှိနေ

908
Photo: CJ

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)နယ်မြေဖြစ်သည့် ဖာပွန် မြို့ရှိ လှေဆိပ်တွင် အောက်တိုဘာလကုန်မှစ၍ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များက ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်ဟု စက်လှေသမားများထံမှ သိရသည်။

ဖာပွန်မြို့တွင် ကုန်းလမ်းကြောင်း သွားလာမှုကို တားမြစ်ထားပြီး ဒေသခံများက လှေများအသုံးပြုသွား လာနေရကာ လှေဆိပ်များတွင် (BGF)တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များက ဂိတ်ချစစ်ဆေး၍ ကုန် ပစ္စည်းပို့ဆောင် လုပ်ကိုင်သူများထံမှ အဆင့်ဆင့် ငွေကြေးကောက်ခံနေကာ ကုန်ပစ္စည်းများကို ပစ္စည်း အလေးချိန်အလိုက် ငွေကြေးပေးဆောင်နေရကြောင်း စက်လှေသမားတစ်ဦးက ယခုလို ပြောသည်။

“လှေဆိပ်မှာ စစ်တပ်ဂိတ်နဲ့ BGF ဂိတ်တွေချထားတယ်။ တစ်ခါပို့ရင် ကျနော်တို့အတွက် နည်းနည်းပဲ ကျန်တယ်။ သူတို့အဲ့လို ပိုက်ဆံယူတော့ ကုန်ပစ္စည်းသမားအတွက်လည်း အခက်အခဲရှိတယ်လေ။ ပစ္စည်းအလေးချိန်ကိုကြည့်ပြီး သူတို့အခွန်ယူတာ။ အလေးချိန်များရင်များသလို ပေးရတယ်။ လှေ ဆိပ်မှာ ပစ္စည်းထုပ်တွေကို ကတ္တား(ဒစ်ဂျစ်တယ် ချိန်စက်)နဲ့ အရင်ချိန်ခိုင်းတယ်။ ပြီးမှ လှေပေါ် တင်တယ်။ ပစ္စည်းချပေး တဲ့လူကိုလည်း ထပ်ပေးရတယ်။ လှေပေါ်ကနေဆင်းရင်လည်း ပစ္စည်းလာသယ်တဲ့သူကိုလည်း တစ်ခါ ထပ်ပြီးပေးရတယ်။ အဆင့်ဆင့်သွားရတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် (BGF)တပ်ဖွဲ့ဝင်များက ဖာပွန်မြို့လှေဆိပ်တွင် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည်သာမက ကတိုင်တိလှေဆိပ်တွင်လည်း BGF တပ်ဖွဲ့ဝင်များကို ငွေကြေးပေး ဆောင်နေရကြောင်း အခြားစက်လှေသမားတစ်ဦးက ယခုလိုပြောသည်။

“ကမ်းနားက BGF ဂိတ်တွေကို ၁ သောင်းလောက်ပေးရတယ်။ ပစ္စည်းတင်တာမဟုတ်ဘူး။ လူပဲတင် တာ။ ဖာပွန်ကဆင်းလာတဲ့လှေတွေတော့ ဘယ်လောက်ပေးရလဲတော့မသိဘူး။ အရင်ကတော့ မပေးရဘူး။ ပေးရတာ ၂ လလောက်ပဲ ရှိသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ၊ တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်း တပ်ဖွဲ့များနှင့် နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တို့အကြား တိုက်ပွဲ နေ့စဉ် နီးပါး ဖြစ်ပွားခဲ့သည်။ ဖာပွန်မြို့ပေါ် ရပ်ကွက်အပြင် ဖာပွန်-ကမမောင်းသွား လမ်းတစ် လျှောက် တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများကို သွားလာခြင်းမပြုရန် နှစ်ဖက်တပ်ဖွဲ့ ဝင်များက သတိပေး တားမြစ်မှုများ အသီးသီး ထုတ်ပြန်ထားသည်။

၎င်းအပြင် ဖာပွန်−ကမမောင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများထဲတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော် လည်း မကြာခဏ လက်နက်ကြီးသံများကြားနေရပြီး စစ်ကောင်စီတပ်၏ ကင်းထောက်လေ ယာဉ်ပျံဝဲမှုများလည်း နေ့စဉ် ဖြတ်သန်းလျက်ရှိနေကြောင်း ဖာပွန်မြို့ခံများက ဆိုသည်။

“တိုက်ပွဲတော့မဖြစ်တော့ဘူး။ ညဘက်တွေ လက်နက်ကြီးအသံတွေတော့ ကြားနေရတယ်။ နေ့ခင်းဘက်တွေကျရင် ဖာပွန်ဘက်ကို ကင်းထောက်လေယာဉ်တွေ ၂ ခေါက်လောက်လာတယ်။ ဘယ်ဘက်ကို သွားဖို့လည်းတော့ သေချာမသိရဘူး”ဟု ဖာပွန်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂)ရက်နေ့တွင်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေကို ဆက်သွယ်ထားသော ကမမောင်း-ဝါးဘိုးတော လမ်းပေါ်ရှိ နယ်ခြားစောင့်တပ်-BGF စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် BGF တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။