နိုဝင်ဘာ ၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
အာဏာရှင်စနစ် အမြစ်ပြတ်စုပေါင်းတိုက်ဖျက်ပြီး ငြိမ်းချမ်းသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းတည်ဆောက်သွားနိုင်ရန် ရည်ရွယ်သည့် လူငယ်နှီးနှောဖလှယ်ပွဲအစီအစဉ်တစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်နေ့အထိ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ပြီးစီးခဲ့သည်။
ကရင်လူငယ်အစည်းအရုံး (KYO) ဦးဆောင်ပြုလုပ်သည့် အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တော်လှန်ရေးလူငယ်အဖွဲ့များ ပိုမိုစည်းလုံးလာရန်နှင့် အဖွဲ့အသီးသီး၏ လမ်းစဉ် မူဝါဒများအား ပိုမိုသိရှိလာစေပြီး ဘုံသဘောထားရည်မှန်းချက်များချမှတ်ကာ ရှေ့ဆက်စုပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဝင်းရေးမြို့နယ် KYO ဥက္ကဌ စောဖိုးခွားဒို့က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ တိုင်းရင်းသားပေါင်းစုံကလူငယ်တွေတော်လှန်ရေးအစုအဖွဲ့ အသီးသီးက လူငယ်အဖွဲ့တွေ အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ သူ့လမ်းကိုယ့်လမ်း မူဝါဒတွေများတဲ့အခါကျတော့ မြန်ဆန်တဲ့လမ်းကြောင်းတစ်ခုရသွားဖို့ အဖြေရှာကြ တာပေါ့နော်။ ဘုံသဘောတူညီမှုချမှတ်ပြီးတော့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ရှေ့ဆက်ဆွေးနွေးလုပ်ဆောင်သွားကြမယ်” ဟု ပြောသည်။
ကရင်၊ မွန်၊ ရှမ်း၊ ဗမာတိုင်းရင်းသားလူငယ်အဖွဲ့များနှင့် အခြားတော်လှန်ရေးလူငယ်အစုအဖွဲ့ပေါင်း ၁၈ ဖွဲ့ တက်ရောက်ပြီး နှစ်ရက်တာ ပြုလုပ်သည့် ၎င်းလူငယ်များ နှီးနှောဖလှယ်ပွဲတွင် မြန်မာစစ်တပ်ဘာကြောင့် အာဏာသိမ်းပါသနည်း၊ မြန်မာ့နိုင်ငံရေးပြဿနာအား မည်သို့ဝိုင်းဝန်းအဖြေရှာကြမည်နည်း၊ ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုအား မည်သို့လက်တွဲတည်ဆောက်ကြမည်နည်းနှင့် အမျိုးသားလက္ခဏာဆောင်သည့် ပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး တော်လှန်ရေးလူငယ်များ မည်သို့ပူးပေါင်း ဆောင်ရွက်မည်နည်း စသည့် ခေါင်းစဉ်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်ဟု သိရသည်။
နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့သူ ဗမာတိုင်းရင်းသားလူငယ်အဖွဲ့မှ ကိုဉာဏ်ကြီးက “ တိုင်းရင်းသားတွေရဲ့ သမိုင်း အမြင်သဘောထားရပ်တည်ချက်တွေ ပိုမိုသိခွင့်ရလာတော့ အချင်းချင်းနွေးထွေးမှု၊ ယုံကြည်မှုပိုရှိသွားတယ်ပေါ့နော်။ ယခင်က လူမျိုးစုအချင်းချင်းတွေအပေါ်မှာ လူမျိုးရေးအရ မဟာကြီးစိုးဖိနှိပ်မှုတွေကအစ အထင်အမြင်လွဲခဲ့တာမျိုး ရှိတယ်ပေါ့နော်။ အာဏာရှင်တစ်စုရဲ့ ဖိနှိပ်မှုကြောင့် ကျနော်တို့တွေအားလုံးဟာ ဖိနှိပ်ခံနေရတဲ့ ဘဝတူတိုင်းရင်းသားတွေ ဖြစ်ကြတယ်။ မတူကွဲပြားမှုတွေကို စုစည်းပြီး ငြိမ်းချမ်းတဲ့ဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်နိုင်တဲ့အထိ ပူးပေါင်းလက်တွဲသွားကြမယ်” ဟု ပြောသည်။
ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံးက ပထမဦးဆုံးအကြိမ် ဦးဆောင်ပြုလုပ်ပေးသည့် အဆိုပါ လူငယ်နှီးနှောဖလှယ်တွင် လူငယ်အဖွဲ့အသီးသီး၏ မတူကွဲပြားမှု၊ သမိုင်းနောက်ခံနှင့် ရပ်တည်ချက်များအား အပြန်အလှန်သိရှိနားလည်လာကြရန်နှင့် အာဏာရှင်စနစ်အား အမြန်ဆုံးအဆုံးသတ် စုပေါင်းတိုက်ဖျက်သွားနိုင်ရန် အခြေခံအားဖြင့် ဘုံသဘောတူညီခဲ့ကြသည်ဟု လူငယ်ခေါင်းဆောင်များထံမှ သိရသည်။