Home သတင်း စစ်ရေးတင်းမာမှုကြောင့် ကော့ကရိတ်မြို့နယ်တွင် ကွမ်းသီးရောင်းဝယ်လုပ်သူ နည်းပါး

စစ်ရေးတင်းမာမှုကြောင့် ကော့ကရိတ်မြို့နယ်တွင် ကွမ်းသီးရောင်းဝယ်လုပ်သူ နည်းပါး

1720

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲရှိ ကျေးရွာများတွင် စစ်ရေးတင်းမာမှုကြောင့် ကွမ်းသီးရောင်းဝယ်သူများ မရှိသလောက် နည်းပါးသဖြင့် ကွမ်းသီးလုပ်ကိုင်သူများ အဆင်မပြေမှုဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကွမ်းသီးရောင်းရမည့်အချိန်တွင် လာရောက် ဝယ်ယူသူမရှိသည့်အပြင် မြို့ထဲသို့ကွမ်းသီးသွားရောင်းရန်အတွက်လည်း ကော့ကရိတ်မြို့တွင်း နှင့်မြို့ပြင်တွင် ပစ်ခတ်မှုမကြာခဏ ရှိသောကြောင့် ကွမ်းသီး သိုလှောင်ထားသည့် ကွမ်းခြံသမား များသည် အခက်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံတစ်ဦးက “ကွမ်းသီး မြို့ထဲသွားရောင်းဖို့လည်း အသွားအလာ မလုံခြုံတဲ့အတွက် စိတ်ပူရတယ်။ အခုကလည်း မြို့ထဲကလူတွေလည်း တစ်ချို့တိမ်းရှောင်နေကြပြီး။ မီးကင်ကွမ်းသီးက အထားမခံတာ အခက်အခဲတော့ရှိတာပေါ့။ ပြီးတော့ ကွမ်းသီးမရောင်းရရင် ဝင်ငွေမရှိ လည်း မတတ်နိုင်ဘူး၊ ကွမ်းသီးက သိုလှောင်ထားနေရတာပေါ့”ဟု ကေအိုင်စီသို့ပြောသည်။

မိုးရာသီတွင် အသီးမှည့်သည့် ကွမ်းသီးများသည် မီးနှင့်အခြောက်လှန်းရသည့်အတွက် ဒေသအခေါ် ကွမ်းသီးမီးကင်အမျိုးအစားတစ်ခုနှင့် နေပူနှင့် လှန်းရသည့် ကွမ်းသီးအမျိုးအစားတစ်ခုရှိပြီး ကွမ်းသီးမီး ကင်သည် နေပူနှင့် အခြောက်လှန်းသည့် ကွမ်းသီးထက် စျေးရရှိနည်းသည်ဟု ဒေသခံထံမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသအတွင်းရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးမီးကင် တစ်ပိဿာလျှင် ၃၅၀၀ ကျပ် သာစျေးရှိပြီး နေလှန်းကွမ်းသီးသည် တစ်ပိဿာလျှင် ၆၅၀၀ ကျပ် စျေးနှုန်းရှိသည်ဟု သိရသည်။

“ အခုစျေးငြိမ်တော့ အရောင်းအဝယ်မလုပ်ရဲဘူး။ ပြီးတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး လမ်းတွေက ပစ်ခတ်မှုဒီလောက်ဖြစ်တာ လုပ်လို့အဆင်မပြေဘူး။ လိုက်ဝယ်ပြီးဆိုရင်ရောင်းရတော့မယ်ဆိုတော့ ဒီအခြေအနေနဲ့ကလိုက်ဝယ်တာ လုံးဝအဆင်မပြေဘူး။ ကျမက ဒီနှစ်ကွမ်းသီးအနုပဲ လုပ်တော့ တယ်။”ဟု ဒေသအတွင်းကွမ်းသီးအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဒေသအတွင်း နယ်မြေမတည်ငြိမ်သည့်အတွက် ကွမ်းသီးအနု အရောင်းအဝယ်လုပ်သူရှိသည့် အချို့ဒေသတွင် ကွမ်းသီးအနုကိုသာ အဓိကထား ရောင်းကြသည်ဟု ဒေသခံထံမှ သိရသည်။

ကော့ကရိတ်မြို့နယ်ထဲတွင် ကော့ကရိတ်မြောက်ပိုင်းထက် ကော့ကရိတ်တောင်ပိုင်းတွင် ကွမ်းသီးလုပ် ကိုင်သူများပြီး ထိုအထဲတွင် မိဖလားကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖားကျေးရွာနှင့် ကော့ဆိုင်‌ကျေးရွာ အစရှိသည့် ကွမ်းသီးစိုက်ပျိုးသည့် ကျေးရွာများတွင် ယခုနှစ်တွင် ကွမ်းသီးအရောင်း အဝယ်လုပ်ကိုင်သူနည်းသည်ဟု သိရသည်။