Home သတင်း ရှောက်သီး၊ သံပုရာသီးစျေးကျ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စိုက်တောင်သူများ စားဝတ်နေရေးခက်ခဲလာနေ

ရှောက်သီး၊ သံပုရာသီးစျေးကျ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စိုက်တောင်သူများ စားဝတ်နေရေးခက်ခဲလာနေ

1552

အောက်တိုဘာ ၃၀ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် ရှောက်၊ သံပုရာသီးစျေးကျသည့်အတွက် စိုက်တောင်သူ များ စားဝတ်နေရေးခက်ခဲလာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုနှစ် ရှောက်၊ သံပုရာသီး ထွက်ချိန်(ဒေသအခေါ်နွေသီးထွက်ချိန်)တွင် သံပုရာသီးတစ်လုံးလျှင် ၅ဝ ကျပ်၊ ရှောက်သီးတစ်လုံးလျှင် ၃ဝ ကျပ်ဝန်းကျင်သာ စျေးရှိနေသည့် အတွက် သယ်ယူပို့ဆောင်ခနှင့် အလုပ်သမားခ အတွက်သာရရှိသည့်အတွက် မိသားစုစားဝတ်နေရေးအတွက် ခက်ခဲလာသည်ဟု စိုက်တောင်သူ များက ပြောသည်။

“ရှောက်ပင်နဲ့သံပုရာအပင် ၅ဝဝ လောက်စိုက်ထားတယ်။ ဒီနှစ်အသီးအတော်ထွက်ကြတယ်လေ။ စျေးမရှိတော့ အဆင်မပြေကြဘူး။ ခုခေတ်ငွေနဲ့ဆို တစ်လုံး ၁ဝဝ ကျော်လောက်စျေးရမှ စားဝတ်နေရေးအတွက်အဆင်ပြေ မယ်လေနော်။ အခု ၃ဝ၊ ၅ဝ ကျပ်နဲ့က သယ်ယူပို့ခ၊ အလုပ်သမားခနဲ့တင်ကုန်နေပြီ။ တစ်ချို့ကအသီးမခူးတော့ဘဲ ဒီအတိုင်းပဲထားလိုက်ကြတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မိကျောင်းအန်ရွာမှ စိုက်တောင်သူ စောနေစေးက ကေအိုင်စီသို့ ပြောသည်။

ယခင်နှစ်က ဒေသအခေါ်နွေသီးတွင် သံပုရာသီးတစ်လုံး ၁၂ဝ ကျပ်၊ ရှောက်သီးတစ်လုံးလျှင် ၂ဝဝ ကျပ်အထိ စျေးရရှိခဲ့ပြီး နိုင်ငံရေးအခြေအနေနှင့် ဒေသအတွင်း စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ကုန်သည်များ ကျေး ရွာအထိ လာရောက်ဝယ်ယူမှု နည်းပါးသည့်အတွက် ယခုလို စျေးကျသွားခြင်းဖြစ်သည်ဟု အဝယ်ဒိုင်များထံမှ သိ ရသည်။

ကြာအင်းဆိပ်ကြီးဒေသထွက် ရှောက်၊ သံပုရာသီးသည် သဘာဝသီးဖြစ်သည့်အတွက် အခြားဒေသထွက် အသီးတွေထက် အခွံမာပြီး အထားခံသည့်အတွက်စာသုံးသူများလျက်ရှိပြီး မော်လမြိုင်၊ ရန်ကုန်ရှိ ပွဲရုံများတွင် နှစ်စဉ်ဝယ်ယူလျက်ရှိသည်ဟု အဝယ်ဒိုင်များက ပြောသည်။ ရှောက်၊ သံပုရာသီးကို အစားအသောက်လုပ်ငန်း၊ အဖျော်ရည်များနှင့် ဆေးဖော်စပ်သည့်နေရာများတွင် အသုံးပြုကြသည်ဟု သိရသည်။