Home သတင်း စစ်ကောင်စီတပ်သား ၅ ဦး KNU တပ်မဟာ ၆ ထံ ထပ်မံပူးပေါင်းလာ

စစ်ကောင်စီတပ်သား ၅ ဦး KNU တပ်မဟာ ၆ ထံ ထပ်မံပူးပေါင်းလာ

1264
Photo: CJ

အောက်တိုဘာ ၂၉ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် နို့တကော်မြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် စစ်ကောင်စီတပ်သား ၅ ဦး အာဏာဖီဆန်ရေး (CDM) ပြုလုပ်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံတွင် ထပ်မံ၍ပူးပေါင်းသွားကြောင်း KNU တာဝန်ရှိသူများထံမှ သိရသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း -ခမရ ၃၅၈မှ ၃ ဦး၊ ခြေလျင်တပ်ရင်း -ခလရ ၂၈၄မှ ၁ ဦးနှင့် ခမရ ၄၃၂ မှ ၁ ဦး စုစုပေါင်း ၅ ဦးတို့သည် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်များထံတွင် လာရောက်ပူးပေါင်းလာခြင်းဖြစ်သည်။

KNLA တပ်မဟာ ၆ နဂါးနီစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ စောချစ်မကုန် က “အခု CDM ဝင်လာတဲ့သူတွေက တဂေးရွာအနီးတိုက်ပွဲတုန်းက ဖြစ်ခဲ့တဲ့လူတွေပါပဲ။ လက်နက်တွေတော့ မပါကြဘူး။ အခြားတပ်ရင်းတွေရော အားလုံး ၅ ဦးပေါ့နော်”ဟု ယနေ့ အောက်တိုဘာ ၂၉ ရက် ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာအနီး ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ခမရ ၃၅၈ တပ်ရင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၁၆ ဦးအရှင် ဖမ်းဆီးမိကာ ၂၃ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

Photo: CJ

အဆိုပါ လွတ်မြောက်သူများထဲတွင် လက်နက်ချအဖမ်းခံရန် စီစဉ်ထားကြသော်လည်း အချိတ်အဆက် အားနည်းသည့်အတွက် ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်ဟု KNU နှင့် ပူးပေါင်းလာသူ ခမရ -၃၅၈မှ တပ်သားတစ်ဦးက ယခုလို ပြောသည်။

“ ပထမအကြိမ်ထွက်ပြေးတုန်းက ပြန်ဖမ်းခံရတယ်။ အသေရိုက်ခံရတယ်ဗျာ။ တဂေးတိုက်ပွဲမှာ ကျနော်တို့တွေ လက်နက်ချအဖမ်းခံဖို့ပဲ လက်နက်ကြီးတွေကျလာတော့ ကြောက်အားလန့်အားနဲ့ ပြေးရှောင်ရင်း မထွက် လာနိုင်ခဲ့ဘူး။ အခုတစ်ခေါက်မှ ကင်းစောင့်ရင်း သူငယ်ချင်းတွေခေါ်ပြီး ထွက်လာနိုင်ကြတာပါ။ KNU နဲ့ ပူးပေါင်းခွင့် အောင်မြင်သွားတော့ အရမ်းဝမ်းသာတယ်။ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်တွေကို တော်လှန်သွားကြမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှစပြီး စစ်ကောင်းစီ ရဲ၊ တပ်သား အရာရှိများအပါအဝင် ဦးရေရာကျော် CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းမှုပြုလုပ်လျက်ရှိပြီး စစ်သုံ့ပန်းအများအပြားလည်း ထိန်းသိမ်းထားလျက်ရှိသည်ဟု KNU တာဝန်ရှိသူများက ပြောသည်။

Photo: CJ