Home သတင်း မော်လမြိုင်-ဖားအံ ကားလမ်းတစ်လျှောက် ပစ်ခတ်မှု ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်သူများအား လိုက်လံဖမ်းဆီး

မော်လမြိုင်-ဖားအံ ကားလမ်းတစ်လျှောက် ပစ်ခတ်မှု ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်သူများအား လိုက်လံဖမ်းဆီး

1410
Photo: CJ

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မော်လမြိုင်ဘက်မှ ဖားအံသို့ တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၉ စီးသည် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများသို့ လက်နက်ကြီးလက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သွားခဲ့သည့် ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်သူများအား စစ်ကောင်စီနှင့် နယ်မြေခံရဲများက လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

လူမှုကွန်ရက်ပေါ်တင်ထားသည့် ကော့ပရံရွာမှ မူရင်းဓါတ်ပုံရိုက်ကူးသူတစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ ရဲနှင့်စစ်ကောင်စီတို့က ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ထပ် ကွင်းဆက်များကို လိုက်လံစုံစမ်းစစ်ဆေးကြသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ ကော့ပရံရွာက မူရင်းပုံရိုက်တဲ့သူကို ဒီနေ့မှာပဲ လာဖမ်းသွားတယ်လို့ သိရတယ်။ ဒီနေ့အိမ်အထိသွားဖမ်း ခဲ့ပြီး ပို့တင်တဲ့သူတွေကိုလည်း ကွင်းဆက် လိုက်လံစုံစမ်း ဖမ်းဆီးစစ်ဆေးနေတယ်။ ဖမ်းဆီးခံရသူ အမည်ကိုတော့ အခုတော့ မသိရသေးပါ” ဟု ပြောသည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့်ရဲများက ဒေသခံများကို ခေါ်ယူမေးမြန်းစစ်ဆေးမှုများပြုလုပ်ကြပြီး ဒေသခံများ၏ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြသဖြင့် ဒေသခံများအတွက် သွားလာရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု ကေအဲန်ယူ၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်မှ တာဝန်ရှိတစ်ဦးက ပြောသည်။

သူက “ဌာနေလူထုတွေ အတော်လေး အခက်အခဲတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကိစ္စနောက် ဆက်တွဲကြောင့် ဒေသခံတွေကိုစစ်ဆေးမှုတွေထပ်လုပ်ကြတယ်။ ဖုန်းလည်းစစ်တယ်။ ဖမ်းခေါ်သွားကြတာ တွေလည်း ရှိတယ်လို့ သိရတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

Photo: CJ

အဆိုပါ စစ်ကောင်စီတပ်သည် မော်လမြိုင်-ဖားအံ ကားလမ်းမကြီးတစ်လျှောက်ရှိ ကော့ပရံရွာမှ စတင်၍ မူကဝါရွာအထိ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ၊ ဒုံရင်းမြို့နယ်၏ ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းပစ်ခတ်မှုတွင် အသက် ၆၂ နှစ်ရှိအဖွားနန်းဒီဒီ၏ တင်ပါးစုံထိမှန် သေဆုံးခဲ့သလို ကော့ဆိုင့်ရွာနေ အသက် ၉ နှစ်ရှိ စောမျိုးစိန်(ညာဘက်ပါး ကျည်ရှထိမှန်)၊ အသက် ၁၀ နှစ်ရှိ စောအာကာသိန်း(ညာခြေတလုံးထိမှန်)၊ အသက် ၁၀ နှစ်ရှိ (ဝှေ့စိထိမှန်) စသည့် ကလေးငယ်များလည်း ကျည်ထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့သည်။ ထိုကလေးများအား ယခုအချိန်တွင် ဖားအံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် ထိုရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောင်အဦးများ ထိမှန်ပျက်စီးမှုများရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုဒေသတွင် စစ်ကောင်စီတပ်မှ ဒေသခံကျေးရွာများအား အကြောင်းမဲ့ ပစ်ခတ်မှုလုပ်ဆောင်ခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး ထို့နယ်မြေများသည် ဖားအံမြို့နှင့် အလွန်နီးစပ်သည့် နေရာဖြစ်၍ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိသည့်အတွက် စစ်တပ်က ယခုလို ပစ်ခတ်ရသည့်အကြောင်းအရင်းကို လိုက်လံ စုံစမ်းနေဆဲဟု ကေအဲန်ယူ ၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်မှ တာဝန်ရှိသူက ကေအိုင်စီသို့ပြောသည်။