Home သတင်း ဖားကန့်ဒေသ လေကြောင်းတိုက်ခိုက်ခံရမှုမှာ နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း သက်သေခံလျက်ရှိဟု KNU ပြော

ဖားကန့်ဒေသ လေကြောင်းတိုက်ခိုက်ခံရမှုမှာ နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း သက်သေခံလျက်ရှိဟု KNU ပြော

1432

အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်၍ စစ်ရာဇဝတ်မှုမြောက်ကြောင်း သက်သေခံလျက်ရှိဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ညက ည ၈နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ၌ ကချင်လွတ်လပ် ရေးအဖွဲ့ -KIO ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ် အကြိုတေးဂီတဖျော်ဖြေပွဲ ပြုလုပ်ကျင်းပနေစဉ် စစ်ကောင်စီလေတပ်မှ ဂျက်တိုက်လေယာဉ် ၃စင်းဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နာမည်ကျော် ကချင်အနုပညာရှင်များ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၈၀ကျော် သေဆုံးခဲ့ကြရပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် ပြည်တွင်းစစ်တွင် အသုံးမပြုရဟု ပိတ်ပင်တားမြစ်ထားသည့် စစ်ဆင်ရေးသုံး စစ်ဂျက် လေယာဉ်များဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်သားပြည်သူလူထုများဟူ၍ ခွဲခြားမှုမရှိဘဲ သိမ်းကြုံးသတ်မှတ်ကာ စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်သည် စစ်ရာဇဝတ်မှု ( War Crime) အား ကျူးလွန်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် စနစ်တကျ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိပြီး ကျူးလွန်ခံရသူ အပြစ်မဲ့ ပြည်သူလူထုများအတွက်လည်း တရားမျှတမှုကို ရရှိရန် တောင်းဆိုသလို နိုင်ငံတကာ အစိုးရ များနှင့် နိုင်ငံတကာ တရားရေးဆိုင်ရာ ယန္တရားများကလည်း ဤသို့သော နိုင်ငံတကာ လူသားချင်း စာနာထောက်ထား သည့်ဥပဒေများ (International Humanitarian Law )ကို ပြောင်ပြောင်တင်းတင်းကျူးလွန်သူနှင့် အမိန့်ပေးစေခိုင်း သူများအား တာဝန်သိစွာဖြင့် ပြစ်ဒဏ်ပေး အရေးယူဆောင်ရွက်ရန်လည်း ကေအဲန်ယူက တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် ၎င်းတို့ အာဏာဆက်လက်ဆုပ်ကိုင်ရေးကိုသာ ပြုလုပ်နေသည့်အတွက် စစ်တပ်အပေါ် ရွံရှာနာကျည်းမုန်းတီးမှုများကိုသာ ပိုမိုဖြစ်ပေါ်စေပြီး မိမိပြည်သူအား ပြန်လည် သတ်ဖြတ်နေသည့် စစ်တပ်အား တိုင်းရင်းသားပြည်သူတရပ်လုံးက ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်း ဆန့်ကျင်ကြရန် လိုအပ်သည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အတူ အာဏာသိမ်းစစ်ကောင်စီ၏ ယခုလုပ်ရပ်များသည် ပြည်တွင်းစစ်အား ပိုမိုနက်ရှိုင်းစွာ ဖြစ်ပေါ်ရေးသို့ တွန်းပို့နေသလို နိုင်ငံ၏ အလုံးစုံ ပျက်သုန်းရေးသို့ ဦးတည်နေသော လုပ်ဆောင်ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူလူ ထုတရပ်လုံးအနေဖြင့် ဤသို့သော အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန်လည်း တိုက်တွန်းသည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU ၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်တစုံတရာ ထပ်မံရရှိရန် ကေအိုင်စီက ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

KNU ၏ ထုတ်ပြန်ချက်တွင် ၆၂နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ တည်ထောင်ခြင်းနေ့တွင် ကချင်ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပြီး အပြစ်မဲ့လက်နက်မဲ့ အရပ်သားပြည်သူများအား တတ်စွမ်း သရွေ့ အကာအကွယ်ပေးမှုများကို ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမည်ကြောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် အာဏာ ရှင်စနစ် အပြီးပိုင် ချုပ်ငြိမ်းရေးအတွက် တော်လှန်သူအင်အားစုများအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လည်း ဖော်ပြပါရှိသည်။

အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများကလည်း KIO ဖွဲ့စည်းတင်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်း အမှတ်အကြိုတေးဂီတဖျော်ဖြေပွဲအား စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားအများအပြား သေဆုံးခဲ့ဖြစ်စဉ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၎င်းလေကြောင်းတိုက်ခိုက်မှုအပေါ်မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြ သော – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံ များနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

၎င်းတို့၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်လူထုစုဝေးမှုတစ်ခုကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရသည့်ဖြစ်စဉ်သည် အဆင်ခြင်မဲ့ တိုက်ခိုက်မှု ဖြစ်ပြီး အပြစ်မဲ့အရပ်သားများ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ နိုင်ငံတဝန်းဖြစ်ပေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်အာဏာရှင် အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအရ အရပ်သားများကို အကာအကွယ်ပေးရမည့် ၎င်း၏တာဝန်ဝတ္တရားကို အလေးမထားကြောင်းကို ယခုဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုက အထင်အရှား ပြသနေသည်ဟု ဖော်ပြထားသည်။