အောက်တိုဘာ ၂၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ(၃) ထိန်းချုပ် နယ်မြေအတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် လက်ရှိ စပါးရိတ်သိမ်းချိန်တန်သော်လည်း ဒေသခံ ပြည်သူများအနေဖြင့် စစ်ရှောင်နေရသောကြောင့် စပါးကို ရိတ်သိမ်းနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေခံကေအဲန်ယူနှင့် စစ်ကောင်စီအကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ကျောက်ကြီးနှင့်မုန်းမြို့နယ်ရှိဒေသခံပြည်သူများသည် စပါးခင်းများကိုပစ်၍ စစ်ဘေးရှောင်နေကြရသဖြင့် စပါးများမှာပျက်စီးပြီး လက်ရှိစပါးများရိတ်သိမ်းချိန်တန်သော်လည်း တိုက်ပွဲကြောင့် စစ်ရှောင်နေရ၍ အများစုမှာ ပြန်လည်မရိတ်သိမ်းနိုင်ကြဘဲ အနည်းစုသာ ပြန်လည်ရိတ်သိမ်းနိုင်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
၎င်းက“ ဒေသခံတော်တော်များများက စစ်ရှောင်နေကြရတယ်လေ။ စပါးကို ပြန်မရိတ်ရဲကြဘူး။ တစ်မိုးတွင်းလုံးပြေးနေရတာ။ အဲ့လိုပြေးနေရတဲ့အတွက် စပါးခင်းတွေထဲကို ကျွဲနွားတွေက ဝင်စားတယ်။ ဒီနှစ်က မိုးခေါင်တယ်လေ။ အဲ့ဒါကြောင့်စပါးအထွက်တော်တော်နည်းတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် မရိတ်သိမ်းရသော စပါးခင်းများအတွင်းသို့ ကျွဲနွားများက ဝင်ရောက်စားသုံးကြ၍ စပါးခင်းများပျက်စီးပြီး တချို့စပါးခင်းများမှာလည်း စစ်ပွဲဖြစ်ပွားသောနေရာများနှင့်နီးစပ်သောကြောင့် မရိတ်သိမ်းရဲတော့သည့် အနေအထားတွင်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
၎င်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရိတ်သိမ်းရရှိသောစပါးများကိုလည်း စပါးအစိုအတိုင်းအိတ်ထဲသို့ထည့်၍ ရောင်းချနေကြကာ စပါးများမရိတ်သိမ်းရသလို ထပ်တိုးသီးနှံပဲသီးနှံများကိုလည်း မစိုက်ပျိုးရသော ကြောင့် ပဲစပါးအထွက်နည်းပြီး ပဲစပါးစိုက်တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းလည်း အဆိုပါ ဒေသခံများကပြောသည်။
မုန်းမြို့နယ်ရှိ နတ်သံကွင်း ဒေသခံတစ်ဦးကလည်း“အရင်ကတော့ မိရိုးဖလာနည်းအတိုင်း လက်နဲ့ရိတ်ကြတယ်။ ဒါပေမဲ့အခုလက်ရှိ အခြေအနေအရ အလှမ်းဝေးတဲ့နေရာတွေကျတော့ ရိန်ခြွေနဲ့ပဲခတ်သုတ်သုတ်လုပ်ပြီး အစိုအတိုင်းပဲ အိတ်ထဲထည့်ပြီး ရောင်းရတာပေါ့။ လယ်သမားကြီးတွေအနေနဲ့ကတော့ အစိုအတိုင်းပဲနေမလှန်းရဲကြတော့ဘူး။ ခပ်သွက်သွက်ပဲ လုပ်ကြတယ်။ စပါးဆိုတာရိတ်ပြီးရင်ပဲကြဲမယ်။ လမ်းနဲ့နီးတဲ့ နေရာတွေ ကြတော့စပါး မရိတ်ရဘူး။ စပါးမရိတ်ရတော့ဘူးဆိုပဲလည်းမကြဲရတော့ဘူး။ အဲ့လိုအခက်အခဲတွေကတော့ နေရာတိုင်းမှာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ကျေးရွားများတွင် ဒေသခံများအနေဖြင့် ထိုင်းကုမ္ပဏီများထံမှ ငွေအရင်းအနှီးရယူ၍ ပြောင်းစိုက်လုပ်ငန်းများလုပ်ကိုင်ကြကာ လက်ရှိ ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီဘက်မှပြောင်းခင်းများအတွင်း မိုင်းထောင်ထားမှုများကြောင့် ပြောင်းလုပ်ငန်းများ ရပ်နားထားရပြီး အကြွေးများပြန်မဆပ်နိုင်ကြသည့် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း ပြောင်းစိုက် တောင်သူများက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည့် အရပ်သားပြည်သူ ဦးရေ ၃ သိန်းကျော်ရှိလာသည်ဟု ကေအဲန်ယူ၏ စက်တင်ဘာလထုတ် စာရင်းအရ သိရသည်။



















