အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းရှိ ကရင်စစ်ဘေးရှောင် ပြည်သူသုံး သိန်းကျော်အတွက် လာမည့်နှစ် ၁၂ လတာကာလအတွင်း အရေးပေါ်လိုအပ်ချက်ကူညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁၇ သန်း လိုအပ်သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ရက်( Karen Peace Support Network- KPSN )က ပြော သည်။
စစ်တပ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိတွင် ထွက်ပြေးတိမ်းရှောင် နေရသူ ကရင်လူထု(၃၈၈,၀၀၀)ကျော်အတွက် နယ်စပ်ဒေသ ကရင်လူထုအခြေပြုအဖွဲ့အစည်းများက အကူအညီရှာပေး၍ ဒေါ်လာ (၈.၇ )သန်းကို အရေးပေါ်ကူညီပေးနိုင်ခဲ့ပြီး လာမည့် ၁၂ လတာအတွက် ဆက်လက်ကူညီနိုင်ရန် ဒေါ်လာ (၁၇)သန်း လိုအပ် သည်ဟု KPSN အဖွဲ့မှ ယနေ့ အောက်တိုဘာလ၂၇ ရက်နေ့တွင် ပြုလုပ်သည့် အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ၌ ပြောသည်။
KPSN အဖွဲ့မှ စောလေးကပေါ်က “ပြည်တွင်း အာဏာသိမ်းမှုမချုပ်ငြိမ်းသ၍ တိုက်ပွဲဖြစ်ပြီး ဒုက္ခသည်အနေနဲ့ ထပ်ပြီး တိမ်းရှောင်နေရအုံးမှာဖြစ်တဲ့အတွက် အကူအညီတွေက ဆက်လက်ရေရှည် လိုအပ်နေမှာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ကူညီတဲ့ အစီအစဉ်ကလည်း အကူအညီလိုသူတစ်ဦးက ၁ လကနေ ၃လအထိ ကူညီပေးနိုင်တာကို တွေ့ရှိရတယ်။ ပြီးခဲ့တဲ့မှတ် တမ်း အရ တည်ရှိနေတဲ့ ဒုက္ခသည်ဦးရေအတွက်အရ နောက်ထပ် ၁၂ လကို ပြန်ပြီးကူညီပေးချင်ရင် အကူအညီလိုအပ်မှုက ၁၇ သန်းအထိ ရှိလာမှာဖြစ်တယ်။ ဒါက အစားအသောက်တစ်ခုထဲကိုပဲ တွက်ချက်ထားတာဖြစ်ပါတယ်”ဟု အစီရင်ခံစာ မိတ်ဆက် ရှင်းလင်းပွဲတွင် ပြောသည်။
ယခုထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကော်သူးလေပြည်အတွင်းရှိ လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများကို နယ်စပ်ဒေသ အခြေပြု ကရင်လူထုအဖွဲ့အစည်းများ၏ အကူအညီပေးထား ချက်များ၊ အကူအညီဆက်လက် လိုအပ်ချက်များကို နိုင်ငံတကာမှ မြင်နိုင်ရန်နှင့် ဒုက္ခသည်များကို ထိရောက်စွာကူညီနိုင်ရန် နိုင်ငံတကာ အလှူရှင်များကို အကြံပြုတိုက်တွန်းထားချက်များလည်း ပါဝင်သည်။
စစ်ရှောင်များအတွက် ကူညီနိုင်ရန် ကရင်လူမှုအဖွဲ့အစည်းများကို ပေးသည့် အလှူရှင်များ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက အလှူရှင်များထံမှ ရရှိခြင်းဖြစ်ပြီး ရေရှည်တည်တံ့မှုမရှိကြောင်းလည်း KPSNက ထုတ်ပြန်ပြောဆိုထားသည်။ ထို့အပြင် အလှူရှင်များအနေဖြင့် စစ်ရှောင်ဒုက္ခသည်များကို အကူအညီပေးသည့်အချိန်တွင် ထိရောက်စွာရောက်ရှိရန် နယ်စပ်ဒေသရှိ လူထုအခြေပြု အဖွဲ့အစည်းများနှင့် သေချာဆွေးနွေးရန်လိုအပ်ကြောင်းလည်း KPSNက တိုက်တွန်းထားသည်။

“နိုင်ငံတကာအလှူရှင်တွေအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးချင်တယ်ဆိုရင် လက်ရှိ နယ်စပ်မှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျနော်တို့ လူထုအခြေပြု အဖွဲ့စည်းတွေရဲ့လုပ်ကိုင်ခဲ့တဲ့ နောက်ခံသမိုင်းတွေ လုပ်ကိုင်ခဲ့တဲ့အစီစဉ်တွေကို သေချာဆွေးနွေးပြီးတော့မှ နယ်စပ်အခြေပြု ကရင်အဖွဲ့အစည်းတွေကတစ်ဆင့် တိုက်ရိုက်အကူအညီပေးပြီးတော့မှ ဒုက္ခသည်တွေကို ထိထိရောက်ရောက် ဆက်ကူ ညီသွားဖို့အတွက် ကျနော်တို့တောင်းဆိုတယ်”ဟု စောလေးကပေါ်က ပြောသည်။
နယ်စပ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့အစည်း(KCBO)များသည် ၁၉၉၂ ခုနှစ်မှ စတင်၍ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ မြန်မာစစ်တပ် ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများနှင့် အစာမလုံ လောက်မှုကြောင့် အခက်အခဲရှိသည့် လူဦးရေ ၁.၇ သန်းအား ဆန်ကို အဓိကထားကူညီပေးပြီးအမေရိကန်ဒေါ်လာ ၃၂ သန်းကျော်ဖိုး ကူညီပံ့ပိုးနိုင်ခဲ့ကြောင်းလည်း ယနေ့ ထုတ်ပြန်သည့် အရင်ခံစာတွင် ဖော်ပြထားသည်။
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၏ စက်တင်ဘာလတွင် ထုတ်ပြန်ထားသည့် စာရင်းအရ ၎င်းတို့ ထိန်းချုပ်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ရှောင်ဦးရေ သုံးသိန်းခွဲရှိပြီး အဆိုပါ စစ်ရှောင်များအတွက် ထောက်ပံ့မှုအကူအညီများလိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်( KPSN)သည် ကရင်လူထုအခြေပြုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ပါဝင်ဖွဲ့ စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များသည် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် ၁၀ စုနှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီပေးလာခဲ့သည့် လူမှုအဖွဲ့အစည်းများဖြစ်သည်။



















