Home သတင်း ကော့ကရိတ်မြို့ လူနေရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၀ ဦးခန့် ကျည်ထိမှန်ဒဏ်ရာရ

ကော့ကရိတ်မြို့ လူနေရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၀ ဦးခန့် ကျည်ထိမှန်ဒဏ်ရာရ

1722
Photo: CJ

အောက်တိုဘာလ ၂၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ခနိမ်းမူ လူနေရပ်ကွက်အတွင်း ယနေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၀ ဦးခန့် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ရွာကွက်နေပြည်သူများက ပြောသည်။

ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ခနိမ်းမူရပ်ကွက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ /နယ်ခြားစောင့်တပ်-BGF စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားနေစဉ် တံတားဦး ရပ်ကွက်လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိသားစု၀င်အမျိုးသမီး ၁ ဦးသေဆုံးပြီး ယောကျ်ားနှင့် ကလေးဒဏ်ရာပြင်းထန်ခဲ့သလို အိမ်ပတ်၀န်းကျင်ရှိ လူ ၁၀ ဦးခန့် လက်နက်ကြီးကျည်အစမှန် ဒဏ်ရာရသည်ဟု တံတားဦးရပ်ကွက်နေပြည်သူများက ကေအိုင်စီသို့ ပြောသည်။

“၁၂ နာရီ လောက်မှာ ခနိမ်းမူရပ်ကွက်နောက်ဘက်ကနေ ကရင်အဖွဲ့တွေနဲ့ စစ်ကောင်စီ ၊ BGF တွေနဲ့ ပစ်ကြတာမှာ မြို့ပြင် စကခ ၁၂ လက်အောက်ခံ လှိုင်၀အမြောက်တပ်ကပစ်ထုတ်တဲ့ လက်နက်ကြီးက တံတားဦးရပ်ကွက် အစ္စလမ်ဗလီနောက်ဘက် လူနေအိမ်ပေါ်ကျတာ အမျိုးသမီးတစ်ဦးဆုံးတယ်၊ သူ့ယောကျ်ားနဲ့ ကလေး အစမှန်ဒဏ်ရာရတယ်၊ အိမ်နီးနားချင်းတွေလည်း ၁၀ ယောက်လောက် လက်နက်ကြီး အစ မှန်ကုန်တယ်၊ အခုတော့ ဆေးရုံခေါ်သွားပြီ၊ ထိထားတဲ့ကလေးက အခြေအနေ တော်တော်ဆိုးတယ် ”ဟု တံတားဦး ရပ်ကွက်သားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်က၊ ကော့ကရိတ်စစ်ကောင်စီ ဌာနဆိုင်ရာရုံးများရှိရာနေရာဘက်တွင် KNLA ပူးပေါင်းအဖွဲ့၊ KTLA ကော်သူးလေ တပ်မတော်အဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးများရပ်ကွက်အတွင်း ကျရောက်ရောက် ပေါက်ကွဲသဖြင့် လူ ၃ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအ၀င် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့နောက် အောက်တိုဘာလ ၂၅ ရက်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောက်စရစ်ကုန်း ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသေးကြောင်း သိရသည်။

ကော့ကရိတ်မြို့ စစ်ရေးအရှိန်မြှင့်၊ စစ်အင်အားတိုး မြေပြင်စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမည့် စစ်ကောင်စီတပ်၊ BGF တပ်များပူးပေါင်း စစ်ကြောင်းများဖြင့် ကော့ကရိတ်မြို့ တောင်ပိုင်း၊ မြို့မြောက်ပိုင်း ကျေးရွာများဘက်သို့ စစ်ကြောင်းထွက်လာပါက KNLA တပ်မဟာ ၆၊ တပ်မဟာ ၇ နယ်မြေဒေသ တပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ဒေသခံကျေးရွာသားများမှာ တိုက်ပွဲလွတ်ရာ နေရာများသို့ ယာယီရွှေ့ပြောင်း စစ်ဘေးရှောင်နေထိုင်နေကြကြောင်း သိရသည်။