အောက်တိုဘာ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်ရှိ ကော်သူးလေပညာရေးကျောင်း ၁၄ ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူများစုပေါင်းပြီး တာကရားကျေးရွာတွင် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
ဖားအံခရိုင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)အတွင်းရေးမှူး စဇော်ဦးက“ကမ္ဘာ့ဆရာများနေ့ဆိုတော့ ကော်သူလေးမှာရှိတဲ့ ဆရာဆရာမတွေအတွက် ခွန်အားဖြစ်စေဖို့ရယ်။ သူတို့က ကလေးတွေကို စာသင်ပေးနိုင်တဲ့ စိတ်စွမ်းအားအများကြီးရှိတယ်။ နောင်လာနောက်သားတွေကို ပိုပြီးတော့ စိတ်အားထက်သန်စွာနဲ့ ပညာသင်ကြားစေချင်တယ်။ ကျနော်တို့ဘက်က မပြည့်စုံမှုတွေအများကြီးရှိတယ်။ ခုချိန်မှာ ဆရာဆရာမတွေရှာရတာခက်တယ်ဆိုတော့ ရှေ့ဆက်ပြီးပိုမို ခိုင်မြဲအောင် ကျနော်တို့လာပြီးတော့ သူတို့ကို ဂုဏ်ပြုရတာပေါ့နော်။ “ဟု ပြောသည်။
ကျောင်းဆရာ၊ ဆရာမသည် အနာဂတ်မျိုးဆက်သစ်ကလေးများအတွက် ရှေ့ဆောင်လမ်းပြကောင်းဖြစ်သည့်အပြင် အခက်အခဲများကြားမှ ပေးအပ်သည့် တာဝန်များကို စိတ်အားထက်သန်စွာနှင့် ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို မြင်ရသည့်အတွက် ပီတိဖြစ်မိကြောင်းလည်း သူက လက်လက်ပြောဆိုသည်။
ယနေ့အခမ်းအနားတွင် ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ တက်ရောက်လာသည့် ပညာရေး တာဝန်ရှိသူနှင့် ကျောင်းအသီးသီးမှ ဆရာဆရာမများအပါအဝင် ကျောင်းသားကျောင်းသူများကို မိတ်ဆက်ခြင်း၊ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံအကျဉ်းကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းအပြင် တက်ရောက်လာသည့် ဆရာ၊ ဆရာမ ၇၇ ဦးထဲမှ ၅ နှစ်နှင့် ၅နှစ်အထက် တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၄ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်များပေးအပ်ခြင်း၊ တာကရားကျေးရွာရှိ ဆရာ၊ ဆရာမများက We are Unity သီချင်းဖြင့် ဂုဏ်ပြုသီဆိုခြင်း ၊ တာကရားကျောင်းသူ၊ ကျောင်းသားများကလည်း ဆရာ၊ ဆရာမအတွက် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။
ဂုဏ်ပြုခံရသူ ကျောင်းဆရာမတစ်ဦးက ” ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူသလိုမျိုး ကိုယ့်ကိုစာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမကိုလည်း ဂုဏ်ယူတယ်ပေါ့နော်။ သူတို့ကို ဒီနေ့မှာ ပိုသတိရတယ်။ အရင်တုန်းက ကိုယ်ကကျောင်းသူဆိုတော့ ကိုယ့်အပေါ်ဘယ်လိုမျိုးစာသင်ပေးပြီး အနစ်နာခံပေးလဲဆိုတာ မသိဘူး။ အခုချိန်မှာ ကိုယ်က ဆရာမဖြစ်လာတဲ့ အချိန်မှာကျတော့ ကိုယ်ခံစားရတာကတော့ ကိုယ့်တပည့်တွေကို လူတော်လူ ကောင်းဖြစ်စေချင်တယ်။ နောင်တချိန်မှာ ကိုယ့်ရဲ့တပည့်တွေလည်း ဆရာ၊ ဆရာမတွေမ ဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးပေါ့နော်။ သူတို့အတွက်လည်းကြိုပြီးတော့ ဂုဏ်ယူတယ်။”ဟု ပြောသည်။
ယနေ့ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးနှင့် ယဉ်ကျေးမှုဌာန တာဝန်ရှိသူများ၊ စာသင်ကျောင်း ၁၄ ကျောင်းမှ ဆရာ၊ ဆရာများ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး တာကရားကျေးရွာတွင် ကမ္ဘာ့ကျောင်းဆရာများနေ့အခမ်းအနားကို ကျင်းပလာခြင်းမှာ သုံးကြိမ်မြောက်ပြီဖြစ်သည်ဟု သိရသည်။



















