Home သတင်း ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက် ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့

ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက် ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့

1613
Photo: KNU ဒူးပလာယာခရိုင်၊ and CJ

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံရဲစခန်းတစ်ခုကို ယမန်နေ့ (၂၈)ရက်နေ့ ည ၉နာ ရီခွဲအချိန်ခန့်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၈) ၏ တပ်ခွဲ (၁) တပ်ခွဲ(၄)နှင့် ဒေါနစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင် ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

နာရီဝက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦး ကျဆုံးခဲ့ပြီး ရှေ့ထွက်မိုင်း – ၄လုံး၊ မိုင်းကြိုး – ၂ခွေ၊ လက်ဗစ်ဗုံး – ၂၃ လုံး၊ 7.62 ကျည် – ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး – ၂၃ လုံး၊ G3- ၆ လက်၊ G3 ကျည်ဘောက် – ၁၁ ဘောက်၊ G4- ၁ လက်၊ အူဇီ- ၂ လက်၊ ၆ လုံးပြူး – ၄ လက်၊ ကွန်မန် ဒိုစိန်ဗြောင်း – ၄ လက်၊ ဆသရစက်ကြီး – ၁ လုံး၊ RPG ပို့ယမ်း – ၃တောင့်တို့ သိမ်းဆည်းရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ် ကျိုက်ဒုံဗျူဟာတပ်မှ လက်နက်ကြီးများဖြင့် ကျိုက် ဒုံမြို့သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ မြို့နေပြည်သူတစ်ဦး၏ နေအိမ်ထိမှန်ပျက်စီးမှုရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကော့ကရိတ်မြို့ မြောက်ဘက်ပိုင်းရှိ ကျိုက်ဒုံမြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ် အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း -ခမရ ၅၆၁ ကွီလုံတိုင်စခန်းကို KNLA တပ်ရင်း ၁၇နှင့် တပ်ရင်း-၁၈ ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း ၄၀ ကျော် သိမ်းဆည်းခဲ့သေးသည်။

Photo: KNU ဒူးပလာယာခရိုင်၊ and CJ