Home သတင်း ဖမ်းဆီးရမိသောဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုင်စင်မဲ့အနေဖြင့် ပြန်လည်ရောင်းချနေ

ဖမ်းဆီးရမိသောဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုင်စင်မဲ့အနေဖြင့် ပြန်လည်ရောင်းချနေ

1369
Photo: CJ

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လူထုဆန္ဒထုတ်ဖော်ပွဲမှ ဖမ်းဆီးရမိခဲ့သော ဆိုင်ကယ်များကို ကျေးရွာများဘက်သို့ လိုင်စင်မဲ့ယာဉ်များအနေဖြင့် ပြန်လည် ရောင်းချမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေရသူများက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများထံမှ မတရားသိမ်းယူထားသော ဆိုင်ကယ်များကို ယခင်ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်တပ်နှင့်ရဲများပူးပေါင်းပြီး လိုင်စင်မဲ့သဘောမျိုးဖြင့် ပြန်လည်ရောင်းချမှုများ ပြုလုပ်နေကြောင်း ဆိုင်ကယ်အသိမ်းခံလိုက်ရသူ ကာယကံရှင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက” အရင်တုန်းကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ သူတို့ရောင်းတာ။ အခုနောက်ပိုင်းမှ ပွဲစားတချို့နဲ့ပေါင်းပြီး အတင့်ရဲလာတယ်လို့ ပြောရမလား။ အရပ်ဝတ်တွေဝတ်ပြီး လုပ်စားကြတာ စစ်သားတွေကော၊ ရဲတွေကော။ လောင်းကစားဝိုင်းကနေဖမ်းမိတဲ့ ဆိုင်ကယ်တွေဆိုရင်ကျတော့ ရဲစခန်းမှာ ပိုက်ဆံနဲ့သွားထုတ်လို့ရတယ်။ နိုင်ငံရေးနဲ့ဖမ်းမိတာတို့ဆို သူတို့က မထုတ်ပေးဘဲ ပြန်ရောင်းနေကြတယ်။ “ ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆိုင်ကယ် အသိမ်းခံလိုက်ရချိန်တွင် ဆိုင်ကယ်အတွင်း လိုင်စင်နှင့် စာရွတ်စာတမ်းအစုံထည့်သိမ်းထားသောကြောင့် အဖမ်းဆီးခံရစဉ် တစ်ခါတည်းပါသွား၍ ပြန်ရွေးရန် ရဲစခန်းသို့ သွားရောက်ထုတ်ယူရာတွင် ဆိုင်ကယ်များကို စစ်တပ်စခန်းများသို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း ရဲများက ပြန်လည်တုန့်ပြန်ပြောဆိုခဲ့ကြသည်ဟုလည်း ၎င်းကိုယ်တွေ့ ကြုံရသူတစ်ဦးက ဆက်ပြောသည်။

ထိုသို့ လိုင်စင်မဲ့ ပုံစံပြန်လည်ရောင်းချမှုတွင် သိန်းဆယ်ချီတန်သည့် ဆိုင်ကယ်များကို ကျေးလက်ဒေသများ ဘက်သို့ လေးငါးသိန်းသာ စျေးလျှော့၍ ပြန်လည် ရောင်းချနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများ က ဆိုသည်။

ထိုသို့ မတရားသဖြင့် သိမ်းယူထားသော လိုင်စင်ရှိ ဆိုင်ကယ်များကို လိုင်စင်မဲ့သဘောမျိုးဖြင့် ပြန်လည်ရောင်း ချ မှုများသည် မည်သည့် ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် စစ်ကောင်စီ၏ ထင်တိုင်းကြဲသည့် လုပ်ရပ်များ သာဖြစ်ကြောင်း အမှုလိုက် ရှေ့နေတစ်ဦးက ယခုလို ဝေဖန်ထောက်ပြသည်။

” လိုင်စင်လုပ်ပြီးသားက ဘယ်လိုလုပ် Without ဖြစ်သွားမှာလဲ။ လိုင်စင်ကရှိပြီးသားလေနော်၊ အဓိကက ကိုယ့်မှာ စာရွက်စာတမ်းတွေ အထောက်အထားတွေက ရှိမှာပေါ့နော်။ လောလောလတ်လတ်မှာ သူတို့လုပ်နေတဲ့ အရာတွေ အကုန်လုံးက စစ်တပ်နှင့်ရဲက သိတဲ့အတိုင်းပဲလေ။ သူတို့မှာဘာဥပဒေမှ မရှိတာ သူတို့က ထင်တိုင်း ကြဲနေတယ်။ ပြည်သူက သူတို့ကိုကြောက်တယ်ဆိုပြီး ကြီးနိုင်ငယ်ညှဉ်းလုပ်တဲ့သဘောပါပဲ။ ဘာဥပဒေနဲ့မှ မညီညွတ်ပါဘူး” ဟု ကေအိုင်စီသို့ပြောသည်၊၊

ယခုလက်ရှိတွင်လည်း သရက်ချောင်း မြို့မရဲစခန်းနှင့်ခရိုင် ရဲစခန်းတွင်ဖမ်းဆီးရမိသောဆိုင်ကယ်တချို့ ကျန်ရှိနေသလို ထားဝယ်မြို့ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင်ရဲများကပူးပေါင်းပြီး ကင်းလှည့်ခြင်း၊ နေအိမ်အတွင်းသို့ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း ဖမ်းဆီးခြင်း၊ ငွေညှစ်ခြိမ်းခြောက်ခြင်းများကိုပိုမိုပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်