Home သတင်း ဖားအံမြို့ လှာကမြင်ရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ဖားအံမြို့ လှာကမြင်ရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

1476

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ လှာကမြင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက် (၆)နာရီခွဲ အချိန် ခန့်က ပေါက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဖားအံမြို့ လှကမြင်ကျေးရွာ တော်ဝင်သုခဆေးခန်းဘေး၌ စစ်ကောင်စီတပ် ဂိတ်ချထားနေရာတွင် လက်လုပ် မိုင်းဟု ယူဆသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာတွင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းသမားတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ပေါက်ကွဲမှုအပြီး မိနစ် (၂၀) အကြာတွင် ၎င်းနေရာအနီးအနား၌ စစ်ကောင်စီတပ်များ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မနက် (၆)နာရီ‌ခွဲလောက်မှာပေါက်တာ။ အသံက‌ သိပ်တော့မကျယ်ဘူး။ တော်ဝင်သုခဆေးခန်းနားမှာ ပေါက်တာတဲ့။ အဲ့ဒီနားက တက္ကစီသမားတစ်ယောက်ထိသွားတယ်လို့ ပြောတယ်။ ပေါက်ပြီး မိနစ်(၂၀) လောက်ပဲရှိမယ်။ စစ်သားတွေလာပြီး စစ်ဆေးရှာဖွေနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်၏ မြို့တော် ဖားအံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ် အကြိမ်ရေ (၂၀) ထက်မနည်းဖြစ်ပွားခဲ့ပြီဟု သိရှိရသည်။