Home သတင်း လှိုင်းဘွဲနယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များ ဆိုင်ပိတ်ရမည့် ကိန်းဆိုက်လာ

လှိုင်းဘွဲနယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များ ဆိုင်ပိတ်ရမည့် ကိန်းဆိုက်လာ

1312

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသောကြောင့် ယခင်ဈေးထက် နှစ်ဆအထိဈေးနှုန်းမြှင့်ထားသော်လည်း ဝယ်ယူနေရသည့် ပစ္စည်းများ၏ဈေးနှုန်းကိုပင် ပြန်မကာမိသဖြင့် ‌စားသောက်ဆိုင်များ ဆက်လက်ဖွင့်ရန် ပိုခက်ခဲလာကြောင်း စားသောက်ဆိုင်ပိုင်ရှင်များထံမှ သိရှိရသည်။

ယခင်က တစ်ရက်လျှင် ကျပ်ခြောက်သိန်းဝန်းကျင် ရောင်းအားရှိခဲ့ရာမှ ယခုအချိန်တွင် ရောင်းအားနှစ်သိန်းဝန်း ကျင်သာရတော့သည့်အတွက် ဆိုင်ဆက်ဖွင့်ရန် အခက်ကြုံတွေ့နေသဖြင့် နိုင်ငံရပ်ခြားသို့ အလုပ်သွား လုပ်ရန်အထိ စဉ်းစားလာရကြောင်း စားသောက်ဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

“ရောင်းတော့ရောင်းရပါတယ်။ အမြတ်ရလားဆိုတော့ မရဘူး။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ဖားအံကို ဈေးသွားဝယ်ရင် မလောက်တော့ အရင်းပါ ထပ်စိုက်လိုက်တယ်။ ဒီထက်ဆိုးလာရင်တော့ ဆိုင်ပိတ်ဖို့ပဲရှိတော့တယ်။ ဆိုင်ပိတ် လိုက်ရင်တော့ ဘန်ကောက်တက်ဖို့ စဉ်းစားထားတယ်။”ဟု ကျေးလက်နေ စားသောက်ဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို အခြေအနေကြောင့် လှိုင်းဘွဲနယ်ရှိ စားသောက်ဆိုင်အချို့သည် ပိတ်ထားလိုက်ရပြီဖြစ်သလို အချို့မှာ အရင်းနှင့်အမြတ် တွက်ခြေမကိုက်တော့သဖြင့် မကြာခင် ဆိုင်ပိတ်ရန် အလားအလာရှိနေကြောင်း ၎င်းဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်းဘွဲနယ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့်အတွက် ညအချိန် ဆိုင်ဖွင့်ထားသည့် ဆိုင်များအနေဖြင့် ရောင်းအားကျလာကြောင်း၊ ဝယ်သူများ ညအချိန်အပြင်ထွက်ရန် အခက်အခဲရှိသည့်အတွက် ယခင်က ဆိုင်များကို ည ၁၀နာရီအထိ ဖွင့်ခဲ့သော်လည်း ယခုအချိန်တွင်မူ ည ၈နာရီအထိသာ ဆိုင်ဖွင့်နေရကြောင်း လှိုင်းဘွဲမြို့တွင် ငါးနှစ်ကျော်ဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောသည်။

၎င်းက”အခုဆို ညပိုင်း ဆိုင်စောစောပိတ်ရတယ်။ ကုန်ဈေးနှုန်းတက်လာတော့ တစ်ရက်စာပဲ ဝယ်နေရတယ်။ တစ်ခါတလေဆိုင်မှာ ပစ္စည်းပြတ်တာတွေလည်း ရှိတယ်။ အရင်ကတော့ ဒီလိုမရှိဘူး။ ဈေးတင်ရောင်းပြန်တော့ ဝယ်တဲ့သူကိုလည်း ကြည့်ရတယ်။ ဆိုင်ပိတ်လိုက်ရင် ဝင်ငွေလည်း မရှိဘူး။ ရင်းထားခဲ့ရတာတွေများနေတော့ ဆက်ဖွင့်နေရတာပေါ့။ အခြေအနေမကောင်းတဲ့ကြားထဲ ထပ်ပြီးရောင်းလို့မကိုက်ရင်တော့ ပိတ်ဖို့ပဲရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စားသုံးသူများ အနေဖြင့်လည်း ယခုလို စားသောက်ဆိုင်များ ဈေးနှုန်းများတင်လိုက်သည့် အပြင် စားပွဲတစ်ပွဲတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများပါ လျှော့ထည့်လာသည့်အတွက် ဝယ်ယူသည့်အခါတွင် စိတ်ကျေနပ်မှုမရရှိတော့ကြောင်း ဝယ်သူတစ်ဦးက ပြောသည်။

စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ပြည်သူတစ်ဦးကလည်း တစ်လတာအသုံးစရိတ်မှာ တစ်လစာ ဝင်ငွေထက်များသဖြင့် တခြားလုပ်ငန်းများ သွားလျှောက်သော်လည်း ဘွဲ့လက်မှတ်မရှိသည့်အပြင် လုပ်ငန်းအတွေ့အကြုံမရှိသောကြောင့် ယခုအချိန်တွင်အလုပ်ရရန် ခက်ခဲနေကြောင်း ပြောသည်။

သူက “ လစာက ကုန်ဈေးနှုန်းရဲ့ ငါးပုံတစ်ပုံလောက်ပဲရတော့ အသုံးစရိတ်ကိုလုံးဝပြန်မကာမိဘူး။ အိမ်မှာအဖေလည်း ခြေထောက်နာနေတယ်။ အမေလည်း သွေးတိုးရှိနေတော့ အဝေးမှာ အလုပ်သွားလုပ်ဖို့ ကလည်း အဆင်မပြေဘူး။ အိမ်မှာနေပြီး အလုပ်မရှိတာထက်စာရင်တော့ ဒီလိုမျိုးဆိုင်မှာ အလုပ်လုပ်နေတော့ နည်းနည်းလေး ခံသာသေးတယ်။ တခြားနေရာမှာ အလုပ်လုပ်ဖို့ ဘွဲ့လည်းမရ အတွေ့အကြုံလည်း ရှိမနေတော့ ပိုခက်ခဲတာပေါ့။” ဟု ကေအိုင်စီသို့သည်။

တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက် ကရင်ပြည်နယ်တွင် နိုင်ငံရေး မတည်ငြိမ်မှုဖြစ်လာသဖြင့် နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားကာ စီးပွားရေး ကျဆင်းလာမှု၊ ကုန်ဈေးနှုန်းမြင့်မားလာမှု၊ အလုပ်ကိုင်ရှား ပါးလာမှုနှင့် အဆမတန်ငွေကြေး ဖေါင်းပွမှုများကို ပြည်သူများက ရင်ဆိုင်ကြုံတွေ့နေကြရသည်။

အဆိုပါ အခြေအနေများကြောင့် ကရင်ပြည်နယ်အတွင်းရှိ အလွှာပေါင်းစုံမှ ဒေသခံလူငယ်၊ လူလတ်ပိုင်း အမြောက်အများသည် တစ်ဘက်အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်ကိုင်ကြလျက်ရှိသည်။