Home သတင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဘဝင်ပင်ရွာသား ၁၀၀ ခန့်ကို တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး

လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဘဝင်ပင်ရွာသား ၁၀၀ ခန့်ကို တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး

607
Photo: CJ

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ရွာသား (၁၀၀)ခန့်ကို တစ်ပတ်ကြာအထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကြား ဘဝပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပြည်သူလူထုနှင့် အကာအကွယ်ယူရန်အတွက် ဒေသခံရွာသား အယောက်(၁၀၀)ခန့်ကို ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဖမ်းထားတဲ့လူတွေကို လွှတ်လာတာမတွေ့သေးဘူး။ နှိပ်စက်တာလည်းရှိတယ်လို့ ကြားတယ်။ ရွာထဲမှာက PDF ဝင်တာများတော့ အဲဒါကြောင့် ရွာကို ပိုနှိပ်စက်တယ်။ စစ်သားတွေက အိမ်ပေါ်အထိ ပစ္စည်းတက်ယူတာ။ သူတို့အတွက် မလိုအပ်တဲ့ပစ္စည်းတွေဆိုရင် ဖျက်ဆီးပစ်တယ်။ တန်းဖိုးကြီးပစ္စည်းတွေကိုယူတယ်။ ရွာက တော်တော်စုတ်ပြတ်သတ်ကုန်ပြီး”ဟု ကေအိုင်စီသို့ပြောသည်။

တပ်ဖွဲ့ဝင်အား ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ကျေးရွာထဲဝင်ရောက်တပ်စွဲနေထိုင်သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံ ပြည်သူလုထုများကို လိုက်လံဖမ်းဆီးမှုရှိသည့်အပြင် နယ်မြေခံ PDF အဖွဲ့နှင့်လည်း တိုက်ပွဲမကြာခဏဖြစ်ပွားသည့်အတွက် ဒေသခံရွာသားများမှာ ကျေးရွာတွင် မနေထိုင်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

နယ်မြေခံ PDF ပြောခွင့်ရသူတစ်ဦးက “ ဒီလ ၁ ရက်နေ့က ပစ်ကြတယ်။ ၁ ရက်နေကလည်း တစ်နေကုန်ပစ်တယ်။ ပြီးတော့ (၆)ရက်နေ့မှာလည်း ဖြစ်တယ်။ သူတို့ကိုပစ်ရင် ရွာရော၊ ရွာသားတွေရော အကုန်မီးရှို့ သတ်ပစ်မယ်ပြောတော့ ကျနော်တို့ဘက်က ဘာမှဆက်လုပ်လို့မရဘူး ရှောင်နေရတယ်။ ရွာသားတွေလည်း စားဝတ်နေရေးအခက်အခဲရှိလာတယ်။ ကူညီလို့ရရင် ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူအချို့သည် တောတောင်ထဲရှိ ဥယျာဉ်ခြံထဲတွင် တိမ်းရှောင်နေကြရပြီး လက်ရှိအချိန်တွင် မိုးများကာလဖြစ်၍ နေထိုင်ရေးအမိုးအကာအခက်အခဲရှိသည့်ပြင် ရက်ပေါင်းကြာလာသည့်အမျှ စားနပ်ရိက္ခာအတွက်လည်း ပိုမိုခက်ခဲလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။