Home သတင်း မီတာနှုန်းထား အဆမတန်တက်လာခြင်းကြောင့် အင်ဗာတာနှင့် မီးစက်များကို အစားထိုး အသုံးပြုမှုများ ပိုမိုပြုလုပ်လာ

မီတာနှုန်းထား အဆမတန်တက်လာခြင်းကြောင့် အင်ဗာတာနှင့် မီးစက်များကို အစားထိုး အသုံးပြုမှုများ ပိုမိုပြုလုပ်လာ

654
Photo: CJ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်တွင် မီတာနှုန်းထားများတစ်လထက်တစ်လ အဆမတန် တက်လာခြင်း ကြောင့် ယခုတလော ဆိုလာနှင့်မီးစက်များကို အစားထိုးအသုံးပြုမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် မီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်သာပေးဆောင်ခဲ့ရမှ စစ်တပ်က အာဏာသိမ်းပြီးနောက်တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်းအထိ တက်သွားခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇွန်လတွင် တစ်ယူနစ်ကို ၁၄၀၀ ကျပ် ၊ ဩဂုတ်လတွင် ၁၅၅၀ ကျပ်ထိ ပေးဆောင်လာရပြီး မီတာနှုန်းထားမှာ ကျမသွားဘဲ အတက်ဘက်ဖြစ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် မြို့တွင်းကပေးသော မီးကိုမယူတော့ဘဲ ဆိုလာနှင့် မီးစက်များကို ပိုမိုအသုံးပြုလာရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

သူက ” အရင်တုန်းက တစ်ယူနစ်ကို ၄၀၀ လောက်ပဲပေးရတာ အခုက အဲ့လိုမဟုတ်တော့ဘူး။ တစ်လထက်တစ်လ ဈေးက တက်လာပြီး ကျနော်တို့က ခြံစိုက်စားရတာ တခြားဝင်ငွေမရှိဘူး၊ မီတာခက တဖြည်းဖြည်းတက်လာတော့ မကိုက်တော့ဘူးလေ။ ပြီးတော့ မီးကလည်း အချိန်မှန်မလာဘူး လာလိုက်ပြတ် လိုက်ပဲ။ အဲဒါကြောင့် ဆိုလာနဲ့ မီးစက်ကိုတွဲပြီးတော့ တလှည့်စီပဲ အသုံးပြုနေလိုက်တော့တယ်”ဟု ကေအိုင်စီသို့ ပြောသည်၊၊

ထို့အပြင် ဓာတ်ဆီဈေးသည်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်ထက်တစ်လ ဈေးမြှင့်တက်လာခြင်း ကြောင့် မီးစက်နိုးပြီးအသုံးပြုရာမှာ တွက်ခြေမကိုက်သည့်အနေအထားတွင် ကြုံတွေ့နေရကြောင်းလည်း မြို့ခံများက ပြောသည်။

“မီးစက်နိုးပြီးအသုံးပြုတယ်ဆိုပေမဲ့လည်း ဓာတ်ဆီဈေးက သိတဲ့အတိုင်းပဲလေ၊ အကုန်ဈေးတက်တာ အဲ့တော့ မီးစက်ကိုလည်းအကြာကြီးမနိုးနိုင်ဘူး။ ဆိုလာကျပြန်တော့လည်း မိုးတွင်းကာလဖြစ်တော့ နေရောင် သိပ်မရဘူးလေ၊ အဲ့တော့ကာင်းကောင်းအသုံးပြုလို့မရဘူး၊ ထမင်းချက်တဲ့တချက်တို့ ဖုန်းအားသွင်းတဲ့ တချက်တို့ အဲ့လိုပဲသုံးရတာပေါ့။ အခက်အခဲတွေကတော့ ပြောလို့ကုန်မှာမဟုတ်ဘူး ။”ဟု အထက်ပါ မြို့ခံက ပြောသည်။

မွန်ပြည်နယ်ရေးမြို့နယ်သည် အစိုးရမီးမရရှိသည့် တစ်ခုတည်းသော မြို့နယ်တစ်ခုဖြစ်ပြီး မြတ်သူရကုမ္ပဏီက လျှပ်စစ်ဝန်ကြီးဌာနထံမှ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးဖြန့်ဝေခွင့်အားလက်လွှဲရယူထားသည်မှာ ၁၀ နှစ်နီးပါးရှိပြီဟု သိရသည်။

ဒီဇယ်ဆီဈေးများမြှင့်တက်လာသည့်အတွက် မီတာခဈေးတိုးမြင့်ကောက်ခံရခြင်းဖြစ်ပြီး အကယ်၍ ဇီဇယ်ဈေးပြန်ကျပါက မီတာခပြန်လည်လျှော့ချပေးမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီက ထုတ်ပြန်ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။