Home သတင်း ကော့ကရိတ်ရဲတပ်ဖွဲ့၀င်တချို့ရဲရုံးတွင် အချိန်ပြည့်ရုံးအလုပ်ဖြင့် နေနေရသည့်အတွက် စိတ်ဓါတ်ကျဆင်းနေ

ကော့ကရိတ်ရဲတပ်ဖွဲ့၀င်တချို့ရဲရုံးတွင် အချိန်ပြည့်ရုံးအလုပ်ဖြင့် နေနေရသည့်အတွက် စိတ်ဓါတ်ကျဆင်းနေ

1034
Photo: CJ

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် မြို့နယ်ရဲတပ်ဖွဲ့ စခန်း၂ ခု တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အပြီးမှ ယခု စက်တင်ဘာလအထိ ကော့ကရိတ် ရဲတပ်ဖွဲ့၀င် တချို့ရဲရုံးတွင် အချိန်ပြည့်ရုံးအလုပ်ဖြင့် နေနေရသည့်အတွက် စိတ်ဓါတ်ကျအခက်တွေ့နေကြ ကြောင်း ရဲစခန်းမိသားစုများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ ရဲစခန်း ၂ ခု တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး ကော့ကရိတ်ရဲ တပ်ဖွဲ့ဝင်များသည် ရုံးအပြင် မထွက်ရအမိန့် ထုတ်ပြန်ထားသလို ရဲမိသားစုဝင်များနေထိုင်သည့် လိုင်းခန်း ကိုတောင် ပေးမပြန်ဘဲ အချိန်ပြည့်ရုံးအလုပ်ဖြင့် နေနေရသည်ဟု ရဲစခန်းမိသားစုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

၎င်းက “မိသားစုတွေလည်း စိတ်ပူနေရတယ်၊ အထက်လူကြီးကိုလည်း ပြန်မပြောရဲဘူး။ စစ်ဒေသမှူးတို့ ခရိုင်မှူးတို့ တွဲပြီး လုံခြုံရေးလုပ်နေရတာဆိုတော့ ရုံးစာရေးတို့၊ ရုံးအုပ်တို့ အိမ်ပြန်လို့ မရဖြစ်နေကြတယ်၊ အခြားအဆင့်ရဲဘော်တွေဆိုလည်း ကင်းတိုကင်းရှည် စောင့်နေကြရတယ်ဆိုတာ သိရတယ်။ အခုဆို ကော့ ကရိတ်မြို့ကနေ ကျုံဒိုးသွားဖို့တောင် လမ်းကြောင်းစိတ်မချရတော့ဘူး။ ဘယ်အချိန်လာပစ်မလဲဆိုတာ မသိတော့ ကြောက်ကြောက်နဲ့ နေနေကြရတယ်။ CDM လုပ်ချင်သူတွေရှိတယ်၊ လုံခြုံရေးတင်းကြပ်ထားတော့ ထွက်ပြေးလို့ မလွယ်ကြဘူး ဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်နယ်ခံ ရဲ၀န်ထမ်းများအနေဖြင့် အထက်တာ၀န်ရှိသူများ၏ ဖိနှိပ်ချုပ်ချယ်မတရားအလုပ်ခိုင်းစေမှု၊ လုံခြုံရေးဂျူတီချထားမှုများကို မလွန်ဆန်နိုင်ဘဲ အလုပ်လုပ်ဆောင်နေရသည့် အခြေအနေကြောင့် စစ်အာဏာ ရှင်တော်လှန်သည့် အဖွဲ့များအနေဖြင့် လာရောက်တိုက်ချိန် ၎င်းအထက်လူကြီးများအား လာရောက်ပစ်ခတ် တိုက်ခိုက်စေလိုသည့် ခံစားချက် စကားလုံးများ လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ ရေးသားမှုများ လုပ်ဆောင် သည့်အထိ စိတ်ဓါတ်ကျဆင်းနေကြကြောင်း နီးစပ်သူများက ပြောသည်။

Photo: CJ

ကော့ကရိတ် မြို့ခံတစ်ဦးက “အခုတလော ရဲစခန်းပစ်ခံရပြီး နောက်ပိုင်းပေါ့၊ နယ်ခံရဲတွေ စိတ်ပျက်နေကြတယ်။ သူတို့ အရာရှိတွေက စစ်တပ်ခိုင်းတာလုပ်နေကြတယ်။ ပြီးတော့ သူတို့ကို တစ်ဆင့်ဖိအားပြန်ပေးပြီး လုံခြုံရေး အချိန်ပြည့် ယူခိုင်းတာ၊ ရုံးလုပ်ငန်းအချိန်ပြည့် လုပ်ခိုင်းတာတွေ ခံစားမနိုင်ကြတော့ဘူး။ အရက်ပဲ ဖိသောက် ၊ မူးလာရင် အထက်အရာရှိတွေ စောင်းမြောင်းဆဲ၊ လိုင်းပေါ်ကနေ တက်ရေးကြတယ်။ မြန်မြန်လာပစ်ချပါတော့၊ သေချင်လို့၊ သူတို့အထက်အရာရှိတွေ ရဲ၀ဋ်ခံနေရသလို ဖြစ်နေတယ်ဆိုတာတွေ ဖေ့စ်ဘွတ် ၊ လူမှုကွန်ယက်ပေါ် ရေးတင်တာတွေတောင် လုပ်လာကြတယ်။ စိတ်ဓါတ်ကျနေကြတယ်။ CDM လုပ်ပြီး ထွက်ပြေးဖို့ကိုလည်း မလုပ်ရဲကြဘူး ဖြစ်နေတယ်”ဟု ပြောသည်။

ကော့ကရိတ်မြို့တွင် မြို့နယ်၊ ခရိုင် ရဲစခန်း၂ ခုနှင့် စစ်ကောင်စီဘဏ်လုံခြုံရေးကင်းစခန်း ၁ခု တိုက်ခိုက်ခံရပြီး နောက်ပိုင်း မြို့၀င်မြို့ထွက်နေရာများ၊ လမ်းများပိတ်ဆို့ထားပြီး ညမထွက်ရအမိန့် အချိန်တိုးမြှင့်ထားခြင်း၊ စစ်ကောင်စီရုံးများ ပိတ်ထားရခြင်းတို့ကြောင့် မြို့နေ၊ ကျေးရွာနေ ပြည်သူများရောင်း၀ယ်စားသောက်ရေး၊ နေရေးထိုင်ရေးနှင့် ဆက်သွယ်ရေးများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ ကော့ကရိတ်ဒေသအား စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေမှုအရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် ကျုံဒိုးကျေးနယ်ဘက်တွင်လည်း ဒေသကရင်နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီတပ်များ လှုပ်ရှားနေမှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန် ရေးအဖွဲ့များက ကြားဖြတ်ပြောက်ကျား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားရာတွင် စစ်ကောင်စီက ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ယခင် မြ၀တီ-ကော့ကရိတ် လမ်းပိုင်းတွင်သာမကဘဲ ကျုံဒိုး လမ်းပိုင်းအထိပါ နယ်မြေလုံခြုံရေး စိတ်မချရသည့် အခြေအနေဖြစ်လာနေကြောင်း ကျုံဒိုး ဒေသခံများက ပြောသည်။h