Home သတင်း တောင်ကြာအင်းရွာတွင် ညပိုင်းမီးထွန်းသည့်အိမ်များကို စစ်ကောင်စီတပ်ပစ်ခတ်မှုပြုလုပ်

တောင်ကြာအင်းရွာတွင် ညပိုင်းမီးထွန်းသည့်အိမ်များကို စစ်ကောင်စီတပ်ပစ်ခတ်မှုပြုလုပ်

847

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာတွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ညအချိန်မီးစက်နှိုးသည့် နေအိမ်များကို သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်ကြာအင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်များက တစ်ရွာလုံးကို မီးအမှောင်ချရန်ရည်ရွယ်ချက်ဖြင့် အိမ်ထဲတွင်အသုံးပြုသည့် လျှပ်စစ်မီးချောင်း၊ မီးစက်စသည်တို့ကို သုံးခွင့်မပြုဘဲ ရွာသားများအနေဖြင့် ညတိုင်းလိုလို မီးအမှောင်ဖြင့်သာနေကြရပြီး မီးစက်နှိုးကာ လျှပ်စစ်မီးဖွင့်ထားသည့်အိမ်များကို ရဲကားများနှင့် တစ်ရက်ကို (၃)ကြိမ်ခန့်ပတ်ကာ သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သူက “(၁၀)ရက်နေ့လောက်ကစပြီး အိမ်မှာမီးထွန်းတဲ့အိမ်တွေကို သေနတ်တွေဘာတွေ ပစ်ဖောက်တာတွေရှိတယ်။ ကျနော်တို့အိမ်တောင်မနေ့တုန်းက ရဲကားတစ်စီး အိမ်ရှေ့ကနေ ခေါက်တုတ်ခေါက်ပြန်ပဲ (၃)ခေါက်လောက်ပတ်နေတယ်။ အိမ်မှာမီးစက်နှိုးတယ်ဆိုပြီး ရဲတွေက မီးစက်နှိုးလို့မရဘူးလို့ ပြောထားတယ်လေ။ ဘယ်လိုလဲဆိုတော့ ဟို့အရင်ကလို အမှောင်ပြန်ချချင်တဲ့ပုံစံမျိုးဖြစ်နေတယ်။ အိမ်မှာမီးစက်နှိုးလည်း နှိုးတဲ့အိမ်တိုင်းမှာ ရဲကားလာပြီး အရောင်ပြတာပေါ့”ဟု ပြောသည်။

တောင်ကြာအင်းကျေးရွာလမ်းပိုင်းတစ်လျှောက်တွင်လည်း နယ်ခြားစောင့်တပ် (BGF) တပ်စခန်းဂိတ်(၁၇)ဂိတ်ခန့် စခန်းချထားလျက်ရှိပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲမကြာမဏ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၄)ရက်နေ့တုန်းကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်ကြာအင်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ ဗျူဟာကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဘုရားစေတီများထိခိုက်ပျက်စီးခဲ့သေးသည်။