Home သတင်း ဝေါလေ-ဆုံဆည်းမြိုင်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီလေယာဉ် ဗုံးကြဲလာမည့်အရေး စိုးရိမ်ပူပန်နေရ

ဝေါလေ-ဆုံဆည်းမြိုင်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီလေယာဉ် ဗုံးကြဲလာမည့်အရေး စိုးရိမ်ပူပန်နေရ

810
Photo: CJ

စက်တင်ဘာ ၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်နှင့် တောင်နီ (လေးဝေါ်)ကျေးရွာ ဒေသတောင်ပေါ်လမ်းပိုင်းတွင်

ယမန်နေ့ စက်တင်ဘာလ ၆ရက်ညနေပိုင်းမှ ယနေ့ စက်တင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ဗုံးကြီးကြဲချလာမည်ကို စိုးရိမ်ပူပန်နေကြရကြောင်း ဒေသခံများက ပြောသည်။

“ဒီရက်ထဲ စစ်တပ်တွေ၊ ဟိုသွားဒီသွားလုပ်နေတာတော့ ပိုများလာတယ်၊ မနေညကစပြီး တောင်နီဘက်မှာ လက်နက်ကြီးတောက်လျှောက် ပစ်နေတယ်၊ လက်နက်ငယ်သံလည်း ကြားရတယ်၊ အခုမနက် လည်း ထပ်ပစ်သံတွေ ကြားနေရတယ်၊ ဝါးမီးထ၊ တောင်နီ၊ လောခေါ် ရွာတွေက သောင်ရင်းမြစ်ဘေးစစ်ရှောင် တွေနေရာ ပြောင်းဖို့ ၊ ထိုင်းဘက်ကူးဖို့ ပြင်ထားကြတယ်၊ ကျမကတော့ ဝေါလေရပ်ကွက်ဘက် ပြန်ပြောင်း နေနေတယ်။ သူတို့ လေယာဉ် လာပစ်ရင် လူထိရင်ထိ၊ မထိရင် အိမ်တွေ ရွာတွေ ဘုန်းကြီးကျောင်းတွေ ထိကုန် တာ မျိုးဆိုတော့ ကြိုပြီး ရှောင်နေရတာပေါ့။ “ဟု လယ့်ခေါ်ကျေးရွာ ယာယီစစ်ဘေးရှောင် စခန်းနေထိုင်သူက ပြောသည်။

သြဂုတ်လအတွင်းက ဝေါလေ စစ်ကောင်စီဗျူဟာမှ စစ်ကြောင်း ၂ ကြောင်းမှာ ဝါးမီးထ၊ ဥကရစ်ထ၊ သေ့ဘောဘိုး ၊တောင်နီ(လေးဝေါ်) ၊ ဆုံဆည်းမြိုင်ဒေသအတွင်း အပစ်ရပ် DKBA အဖွဲ့များ နှင့် ဆုံဆည်းမြိုင်-ဝေါလေ လမ်းပိုင်း အား ထိန်းချုပ်ပိတ်ဆို့ထားသည့် အခြေအနေမှ ယခုစက်တင်ဘာလ ၆ ရက်တွင် KNLA ပူးပေါင်းတပ်များ နှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

KNLA စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က “ဥကရစ်ထ တိုက်ပွဲ ပြီးကတည်းက ဝေါလေ ဗျူဟာက စစ်ကြောင်း၂ ကြောင်း သေ့ဘောဘိုး၊ ဝါးမီးထ ဘက်ကို ထွက်လာတာမှာ DKBA ဆုံဆည်းမြိုင်မှ တပ်အထိုင် အင်အားပြည့်နေရာယူထားပြီး လမ်းတစ်လျှောက်ကိုလည်း ပိတ်ဆို့လမ်းကင်းထိုးထားတာ ကြာပြီလေ၊ အခုက တောင်နီတောင်ပေါ် လမ်းပိုင်းကိုပါ ထပ်ပိတ်ပြီး စစ်ကြောင်းတက်လာတော့ တိုက်ပွဲဖြစ်နေတာပေါ့၊ တပ်မဟာ ၆ နယ်မြေကတော့ နေရာစုံမှာ နေ့တိုင်းတိုက်ပွဲရှိနေတယ်၊ လေယာဉ်တော့ ကင်းထောက်တယ်၊ ဗုံးကြီးကြဲတာတော့ မလာသေးဘူး။ လက်နက်ကြီးကတော့ ဆုံဆည်းမြိုင်ဘက်ကနေ စစ်ကောင်စီတပ်က ပစ်နေတယ်”ဟု ပြောသည်။

ယမန်နေ့ည ပစ်ခတ်မှုဖြစ်စဉ်တွင် ဆုံဆည်းမြိုင်ကျေးရွာရှိ DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောစတီးနေအိမ်ကို Drone ယာဉ်ဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု အမည်မဖော်လိုသူ DKBA ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

” ဟုတ်ပါတယ်။ ည ၁၂ နာရီကျော်ကျော်လောက်မှာ လာပစ်သွားတာ၊ သူ့အိမ်ရှေ့က အနည်းငယ် ထိခိုက်သွား တယ်။ လူထိတာ မရှိဘူးလို့ သိရတယ်။ ဖြစ်နိုင်ခြေရှိတာက သူ့ဆန်ဂိုဒေါင်မှာ ဗမာစစ်သားတွေကို လာထား ထားလို့ အခုလို တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်။”ဟု အဆိုပါ DKBA ခေါင်းဆောင်က ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်စစ်ကြောင်း ထိုးလာနေမှုကြောင့် ကျိုက်ဒုံ၊ တောင်ကြာအင်း၊ မြ၀တီ -အာရှလမ်းသစ်၊ ကော့ကရိတ် ကော့နွဲ၊ ရွာသစ်ကုန်း ကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် ၂ ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။