စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ တောင်နီ(လေးဝေါ်) ကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟု KNLA ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ နေ့လည်ပိုင်းတွင် တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်ကို ကျူးကျော်အခြေပြုရန် ကြိုးစား နေသော စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃)မှ ခမရ (၁၀၄) နှင့် KNLA တပ်ရင်း (၂၇) ၊ ကော်ဘရာစစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့သော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတရာ ထိခိုက်မှုမရှိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မြဝတီ -ဝေါ်လေ ကားလမ်းမပေါ်ရှိ၊ သဲဖြူချောင်း ဂိတ်အနီးတွင်လည်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ကာ ကျူးကျော်ရန် ကြိုးစားလာသည့် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၁)မှ ခမရ (၁)၊ ခမရ (၂)၊ ခမရ (၈)၊ ခမရ (၁၀၂)တပ်များနှင့် KNLA တပ်ရင်း (၂၇) ၊ ကော်ဘရာစစ်ကြောင်းတို့ ယနေ့ နေ့လည် (၁) နာရီခွဲခန့်မှ ညနေ (၄) နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်၊ ကျဆုံးအရေအတွက်အား အတိအကျ အတည်မပြုနိုင်သေးဘဲ KNLA တပ်ရင်း ၂၇၊ ကော်ဘရာစစ်ကြောင်းဘက်မှ ၂ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း မြဝတီ-ဝေါ်လေလမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုး ကျေးရွာအနီးတွင် နယ်မြေကျူးကျော်ရန် ကြိုးစားလာသော စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) မှ ခမရ(၁၀၄)နှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ယမန်နေ့ ထုတ်ပြန်ချက်တွင််ဖော်ပြပါရှိသည်။