Home သတင်း ကော့ကရိတ်မြို့တွင်း တိုက်ခိုက်မှုမှသေဆုံးသည့် ရဲနှင့်စစ်သား နာရေးလာသည့် တပ်အကြီးအကဲများ တပ်မံမတိုက်ခိုက်ခံရစေရေး လုံခြုံရေးတိုးမြှင့်ချထား

ကော့ကရိတ်မြို့တွင်း တိုက်ခိုက်မှုမှသေဆုံးသည့် ရဲနှင့်စစ်သား နာရေးလာသည့် တပ်အကြီးအကဲများ တပ်မံမတိုက်ခိုက်ခံရစေရေး လုံခြုံရေးတိုးမြှင့်ချထား

474
Photo: CJ

ဩဂုတ်လ ၁၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့ ရဲစခန်း၂ ခု တိုက်ခိုက်မှုတွင် သေဆုံးသည့် ရဲနှင့်စစ်သားအလောင်းများအား ယနေ့ဩဂုတ်လ ၁၈ရက်နေ့တွင် ထပ်မံမီး သင်္ဂြိုဟ်ရန် ပြင်ဆင်နေပြီး နာရေးလာမည့် စစ်ကောင်စီအရာရှိများ ထပ်မံတိုက်ခိုက်မခံရစေရေး မြို့တွင်းမြို့ပြင် စစ်ကြောင်းကင်းပတ်လုံခြုံရေးချထားရကြောင်း ကော့ကရိတ်မြို့ခံများ၏ ပြောစကားအရ သိရသည်။

မြို့ခံတစ်ဦးက “မနေ့က စကခ ၁၂ က တပ်မှူးတွေ ဆေးရုံရင်ခွဲ တိုက်ကိုနာရေးလာတာ သံချပ်ကာကားတွေ ၊ စက်သေနတ်တင့်ကားတွေနဲ့ အင်အား ၁၀၀ လောက်နဲ့ လာရတယ်၊ သေသွားတဲ့ ရဲမှူးအလောင်းကိုပဲ သင်္ချိုင်းမှာ မီးရှို့တယ်၊ ကျန်တဲ့ ရဲနဲ စစ်သားအလောင်းတွေက ဒီနေ့ သြဂုတ် ၁၈ ရက်မှ ထပ်မီးရှို့ ဖို့လုပ်နေတယ် ၊ အရာရှိတွေ နာရေးလာဖို့ကို သင်္ချိုင်းပတ်ခြာလည်ရော၊ မြို့တွင်းမြို့ပြင်ရော လုံခြုံရေးတွေ ချထားပြီး စစ်ကြောင်းပတ်နေတယ်၊ စစ်ဆေးရေး တင်းကြပ်နေတယ်။ ရဲတွေအသုဘမှာ ထပ်ပစ်ခံရမှာ သူတို့ ကြောက်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တွင်း သြဂုတ်လ ၁၅ ရက်က တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်းနှင့် စစ်ကောင်စီဘဏ်လုံခြုံရေး ကင်းစခန်း တိုက်ခိုက်မှုကြောင့် မြို့နယ်ရဲမှူး ၁ဦး၊ ရဲအကြပ်အဆင့် ၅ ဦးနှင့် စစ်သား ၁ ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကော့ကရိတ်မြို့ ကျေးရွာများဘက် တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဆုတ်ခွာသွားရာ နေရာဘက်သို့ စစ်ဆင်တိုက်ခိုက်နေမှုတိုးမြှင့်လုပ်ဆောင်နေသည့်အတွက် ရွာသစ်ကုန်း ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲများ ပြောက်ကျားပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်မြို့ ရှိ စစ်ကောင်စီအမြှောက်တပ်လည်း ကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် အသက်(၂)အရွယ်ကလေးငယ်တစ်ဦးသေဆုံးရပြီး ဒေသခံအရပ်သား(၇) ဦး ကျည်ထိမှန်ဒဏ်ရာရရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကော့ကရိတ်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးအမြှောက်အများနှင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံအရပ်သားပြည်သူများလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအချိန် ပြန်လည်နေနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ရဲစခန်း တိုက်ခိုက်ခံရတဲ့နေ့တုန်းကဆိုရင် ကျနော်တို့ ကော့ကရိတ်မြောက်ပိုင်းကို ညပိုင်းအထိ လက်နက်ကြီးနဲ့ ၁၀လုံးကျော်ပစ်တယ်။ ၁၆ ရက် မနက်(၅)နာရီခန့်မှာ ကောင်းမှုရွာကို လေယာဉ်နဲ့ တစ်လုံးလာပစ်တယ်။ (၈)နာရီ လောက်မှာ တစ်ခေါက် လာထောက်လှန်းသေးတယ်။ အခုဆိုရင်ဒေသခံတွေက တစ်ရွာလုံးနီးပါးဘုန်းကြီးကျောင်း ၂ ကျောင်းအပြည့်ပဲ သွားခိုလှုံနေကြတယ်။ နောက်ဆက်တွဲဖြစ်လာဖို့ရှိတယ်၊ ဒေသခံတွေက အဲလိုယူဆပြီး သွားပြီး ခိုလှုံနေကြတယ်။ ” ဟု ကော့ကရိတ်မြောက်ပိုင်းရှိ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေမွန်းလွဲပိုင်းတွင်လည်း ကားနှစ်စီးဖြင့် အင်အား၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ကော့ကရိတ်မြို့အတွင်းသို့ဝင် ရောက်လာ၍ သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဆေးရုံကုန်းနှင့် ၀င်းကြီးရပ်ကွက်ပိုင်းရှိ လူနေအိမ်များ ကျည်ထိမှန်မှုများရှိသေးသည်ဟု မြို့ခံများက ပြောသည်။

ယနေ့ သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းတွင်လည်း မြဝတီ သင်္ဃန်းညီနောင်လမ်းပိုင်း ကွင်းကလေးကျေးရွာ ဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းအဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားနေသလို ကောကရိတ် တောင်ကြာအင်း၊ ဖန်ခါးကုန်း ရွာဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်သည်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ၀င်လာနေကြောင်း ဒေသခံများက ပြောသည်။