Home သတင်း ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား၍ အသွားအလာပိတ်ထား

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား၍ အသွားအလာပိတ်ထား

1246

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်တွင် ယနေ့ဩဂုတ်လ ၁၈ရက်၊ နံနက်(၅)နာရီအချိန်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားသည့်အတွက် အာရှလမ်းပေါ်သွားလာမှုကို ပိတ်ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြား မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ တောင်ဘက်ပိုင်းရှိ ရွာသစ်၊ ကမိုင်ကုန်းစသည့်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အချက်ရေ (၆၀)ကျော်ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကားအတက်အဆင်းများကိုလည်း သွားလာခွင့်မပေးတော့ကြောင်း သင်္ဃန်းညီနောင် မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အခုလက်ရှိက ခရီးသည်တွေရော ကားသမားတွေရော သွားမရဘူး။ မနက် (၅)နာရီထဲကစပြီး ဖြစ်တာပေါ့နော်။ ညီနောင်ကွမ်းခြံကုန်း၊ ဆိတ်ချေးခါးဆိုင်နားမှာက တပ်စခန်း (၂)ခုရှိတယ်လေ။ အဲ့ဒီမှာတိုက်ပွဲဖြစ်ကြတာ။ မနက်ထဲကနေ အခုအထိ လက်နက်ကြီး ပစ်နေတာ အချက် (၅၀) ကျော်လောက်ရှိနေပြီး။ ကားလမ်းအကုန်ပိတ်ထားတယ်။ ကားက တစ်စီးမှဖြတ်မရဘူးလေ။ ခရီးသည်တွေရော အကုန်သွားလို့မရဘဲ လမ်းပိတ်နေတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တချို့ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကော့ကရိတ်မြို့အနီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ အရပ်သားတချို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ထို့အပြင် ဩဂုတ်လ ၁၅ရက်နေ့မှစ၍ မြဝတီမြို့အတွင်း ရပ်ကွက်ထဲတွင် ည (၁၀)နာရီကျော်လျှင် အပြင်မထွက်ရ အမိန့်ကို စစ်ကောင်စီက အရေးပေါ်ကြေညာချက်ထုတ်ခဲ့ပြီး အပြင်ထွက်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထား သောကြောင့် မြို့ထဲတွင် ညပိုင်းအချိန်ပိုအလုပ်လုပ်ကိုင်ကြသည့် ပြည်သူများ အခက်အခဲနှင့်ကြုံတွေ့နေရသည်ဟု မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ည (၁၀)နာရီကျော်ထွက်တာနဲ့ လော့ဒေါင်းချထားတယ်။ မထွက်ရဘူး ပစ်မိန့်တဲ့။ (၁၅)ရက်နေ့ညနေပိုင်းလောက်က လိုက်ပြောထားတာ။ ညဘက်က အလုပ်အချိန်ပိုဆင်းရတာဆိုတော့ နေ့ခင်းဘက်ကနေ စျေးကြိုဝယ်ထားရပြီး ဟင်းချက်ထားရတာ။ ညဘက်အလုပ်နောက်ကျရင်လည်း အသည်းအသန် အိမ်ကိုပြေးပြန်လာရတာဆိုတော့ အဆင်မပြေပါဘူး လေ”ဟု ပြောသည်။

လက်ရှိတွင်လည်း မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုံကို ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းများထွက်ပေါ်လာ၍ စစ်ကောင်စီတပ်၏ ညွှန်ကြားချက်ဖြင့် နယ်စပ်ကုန်သွယ်ရေးဇုံရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကုန်တင်ကားများကို မြဝတီမြို့အတွင်းသို့ အရေးပေါ် ပြောင်းရွှေ့ထားကြောင်း မြို့ခံများက ပြောသည်။