Home သတင်း အာရှလမ်းသစ် မြေပြိုမှုဖြစ်နေသည့် နေရာအနီး တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားကားများ လမ်းပိတ် စောင်ဆိုင်းနေရ

အာရှလမ်းသစ် မြေပြိုမှုဖြစ်နေသည့် နေရာအနီး တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားကားများ လမ်းပိတ် စောင်ဆိုင်းနေရ

1367
Photo: CJ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်း တောင်ပြိုမှုဖြစ်နေသည့်နေရာ မိုင်တိုင်အမှတ်(149.5)km (တောနော် ရေတံခွန်အနီး)တွင် စစ်ကောင်စီတပ်များနှင့် စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ခရီးသွားကားများ၊ ကုန်စည်ကားများလမ်းပိတ်မိနေကြောင်း သိရှိရသည်။

ဩဂုတ်လ(၁၁)ရက်နေ့ နံနက် ၁၀ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုဖြစ်စဉ်ဖြစ်ပွားခဲ့၍ ကုန်တင်ယာဉ်ကြီးများ ယာဉ်တန်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် အဆိုပါ နေရာအနီးတွင် စစ်ကောင်စီ တပ်များရောက်ရှိလာစဥ် တစ်ဘက်တောင်ကြောမှ စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး အဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားကားများ၊ ကုန်စည်ကားများ လမ်းပိတ်မိနေကြောင်း မြဝတီကားသမားတစ်ဦးက ယခုလို ပြောသည်။

“မနက်က တောနော်ကွေ့ ဘက် တောင်ပြိုနေတော့ ကားကြီးတွေ ပိတ်မိနေတယ်။ လမ်းရှင်းနေတုန်း စစ်တပ်တွေက သူတို့ လမ်းကင်းအဖွဲ့တွေ ဆင်းလာရာမှာ တစ်ဘက်တောင်ပေါ်က လှမ်းပစ်တော့ တိုက်ပွဲ ဖြစ်တယ်။ လူနာတင်ကားတော့ လာတာတွေ့တယ် ။ ဘယ်သူထိလဲ ဆိုတာတော့ မသိဘူး ၊ အခုထိတော့ ကားတွေသွားလို့ မရသေးဘူး ။ ကျနော်တို့လည်း ကားလမ်းဘေးရေမြောင်းမှာ ဝပ်နေရတယ်”ဟု ၎င်း ကားသမားက ပြောသည်။

အဆိုပါ အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်။

ယနေ့ ညနေပိုင်းတွင် ပစ်ခတ်မှုဖြစ်စဥ်များ ငြိမ်သက်သွားသော်လည်း ခရီးသွားကားများ၊ ကုန်စည်ကားများ ဖြတ်သန်းသွားလာရန် လုံခြုံရေးအရ မသွားလာရဲသေးကြောင်း ခရီးသွားလိုင်းကား ယာဥ်မောင်းများက ပြောသည်။

Photo: CJ