Home သတင်း ဧရာဝတီကရင်လူငယ်များစုပေါင်း၍ ဒုတိယအကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်နေ့အတွက် သစ်ပင်များ စုပေါင်းစိုက်

ဧရာဝတီကရင်လူငယ်များစုပေါင်း၍ ဒုတိယအကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်နေ့အတွက် သစ်ပင်များ စုပေါင်းစိုက်

975
Photo: CJ

ဇူလိုင်လ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ပန်းတနော်မြို့နယ်များတွင် နယ်မြေခံ မြို့နယ် ကရင်လူငယ်အဖွဲ့အစည်းများနှင့် ဧရာဝတီကရင်လူငယ်(AKY) စုပေါင်း၍ ယနေ့ ဇူလိုင်လ ၁ရက်နေ့တွင် ကျရောက်သည့် ကော်သူးလေသစ်ပင်စိုက်နေ့အထိမ်းအမှတ်အနေဖြင့် သစ်ပင်ပေါင်း ၃၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း ဒေသခံကရင်လူငယ်များထံမှ သိရသည်။

ဒေသအတွင်း သစ်တောပြုန်းတီးမှု ပိုမိုမြှင့်မားလာခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများ ပိုမိုဖြစ်ပွားလာခြင်း ကြောင့် လာမည့် အနာဂတ်မျိုးဆက်သစ်ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် သဘာဝ ပတ်ဝန်းကျင် ရရှိစေရန် ရည်ရွယ်၍ ယနေ့လို နေ့ထူးနေ့မြတ်တွင် သစ်ပင်စိုက်ရခြင်းဖြစ်ကြောင်း ညောင်တုန်း မြို့နယ် လူငယ်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အဓိက ကတော့ ဒီသစ်ပင်တွေက ကျနော်တို့အတွက် လိုအပ်နေတယ်။ ကျနော်တို့ဘက်မှာဆိုရင်လည်း သစ်တော ပြုန်းတီးတာတွေကလည်း အရမ်းများတယ်။ ရာသီဥတုတွေက ဖောက်ပြန်နေတယ်။ အဲ့အတွက် အနာ ဂတ်မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်ပြီးတော့ အေးချမ်းလှပတဲ့ ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်ပင်တွေ စိုက်ကြတာပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။

ပျဉ်းကတိုး၊ သရက်၊ ဗာဒံ နှင့် မဲဇလီ အစရှိသည့် သစ်ပင်အမျိုးအစားများပါဝင်၍ ညောင်တုန်းမြို့နယ်အတွင်း၌ သစ်ပင် ၁၂၀ ခန့် စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

အလားတူ ပန်းတနော်နှင့် အိမ်မဲမြို့နယ်များတွင်လည်း ကရင်လူငယ်များစုစည်း၍ ရာနှင့်ချီသော သစ်ပင်များကို စိုက်ပျိုးခဲ့ကြကာ သစ်ပင်စိုက်ပျိုးမှုတွင် ပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ် သဘာဝ ပတ်ဝန်း ကျင်ကြီးကို အတူတူတည်ဆောက်ကြရန်လည်း ၎င်းကရင်လူငယ်များ တိုက်တွန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် နှစ်များအတွင်း မိုးရာသီကာလများ၌ ရာသီဥတု ဖောက်ပြန်မှုများကြောင့် နှစ်စဉ် ရေကြီး ရေလျှံမှုများကြုံတွေ့ကြရသလို နွေရာသီကာလများတွင်လည်း အလွန်ပူပြင်းသည့် ဒဏ်များကိုနှစ်စဉ်ခံစားကြရသည်။

အလားတူ ယနေ့ ကျရောက်သည့် ကော်သူးလေ သစ်ပင်စိုက်နေ့အထိမ်းအမှတ်အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေရှိရာ ခရိုင်၊ မြို့နယ်အသီးသီး၌လည်း ထောင်နှင့်ချီ၍ သစ်ပင်များ စိုက်ပျိုး ခဲ့ကြသလို ပြီးခဲ့သည့်နှစ်မှစ၍ ဧရာဝတီတိုင်းတွင် ကရင်လူငယ်များစုပေါင်း၍ ကော်သူးလေ သစ်ပင်စိုက်နေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကော်သူးလေ စိုက်ပျိုးနေ့ကို ကရင်အမျိုးသားအစည်းအရုံး-KNU သစ်တောဌာန၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် KNU ကွန်ဂရက်အစည်းအဝေးကြီးတွင် အဆိုပြု တင်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေး၌ ကနဦး ဇွန် ၁ ရက်နေ့ကို ကော်သူးလေ သစ်ပင်စိုက်နေ့အနေဖြင့် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် ဇူလိုင်လ ၁ ရက်နေ့ကို ပြန်လည်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။