Home သတင်း ဝါးဘိုးတောလမ်းပိုင်းတွင် ထောင်ထားသော မိုင်းနင်းမိ၍ ရွာသား ၂ ဦးသေဆုံး

ဝါးဘိုးတောလမ်းပိုင်းတွင် ထောင်ထားသော မိုင်းနင်းမိ၍ ရွာသား ၂ ဦးသေဆုံး

1020

ဇူလိုင်လ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ သံလွင်မြစ်အနောင်ဘက် ဝါးဘိုးတောလမ်းပိုင်းတွင် ထောင်ထားသည့် မိုင်းကိုနင်းမိ၍ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၇နာရီခွဲခန့်တွင် သစ်ဝါးရွာနှင့် ကော်တယာကျေးရွာတွင် နေထိုင်သည့် လူငယ် ၂ ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

ဖြစ်စဉ်မှာ သစ်ဝါးရွာနှင့် ကော်တယာကျေးရွာတွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် ကိုမောင်မောင်နှင့် အသက် ၁၈ နှစ်အရွယ် စောခန့်အေးဆိုသူနှစ်ဦးသည် ကျောက်တစ်လုံးအုပ်စု နောဖဒိုကျေးရွာတွင် ဆိုင်ကယ် ဖြင့် တယ်လီဖုန်း သွားရောက်ပြုပြင်ပေးပြီး အပြန်လမ်းရှိ ညောင်ကုန်းဂိတ်အလွန်၌ စစ်ကောင်စီတပ်နှင့် နယ်ခြား စောင့်တပ်-BGF တပ်ဖွဲ့တို့ ထောင်ထားသော မိုင်းကိုနင်းမိသေဆုံးခဲ့ရကြောင်း အမည်မဖော်လိုသူ သစ်ဝါးရွာသားတစ်ဦးက ယခု လိုပြောသည်။

၎င်းက “ဘာအပြစ်မှမရှိဘဲ ကလေး ၂ ယောက်က သေသွားကြရတာ။ အရင်က အဲ့ညီလေးက ကြာအင်း ပေါ်တော်မူကျောင်းမှာ ကရင်စာသွားတက်သေးတယ်။ အသက်က ငယ်ငယ်လေးပဲရှိသေးတာ။ ကျောက်တစ် လုံးအုပ်စု နောဖဒိုရွာမှာဖုန်းသွားပြင်ရင်း ပြန်လာတဲ့လမ်းမှာ မိုင်းထိသွားတာ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း ဖားအံမြို့မှ ဖာပွန်−ကမမောင်းလမ်းသွား ဝါးဘိုးတော လမ်းတစ်လျှောက် တွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ (BGF)တပ်ဖွဲ့ဝင်များသည် ပိုမိုတင်းကျပ်စွာဂိတ်ချစစ်ဆေး လျက်ရှိနေပြီး နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် ၎င်းတို့တပ်ဖွဲ့များအထိနာမှုများကြောင့် ဒေသခံလူထုများအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင် စစ်ဆေးခြင်း၊ ပေါ်တာဆွဲခြင်းများကို ပြီးခဲ့သည့်လများတွင် ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံရွာသားများက ပြောသည်။

“BGFနဲ့စစ်သား‌တွေက အဲ့ညောင်းကုန်းဂိတ်မှာ ပိုစစ်တာများတယ်။ ရွာမှာတော့ မအေးဆေးဘူး။ အမြဲပဲ ပေါ်တာဖမ်းတာတွေလည်း လုပ်တယ်။”ဟု အဆိုပါ သစ်ဝါးရွာသားက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တုန်းကလည်း သံလွင်တံတားအနောက်ဘက်ခြမ်းရှိ ဝဲပျံကျေးရွာနှင့် ကြို့ပင်ဆိပ် ကျေးရွာရှိ ဒေသခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဘက်မှ ပေါ်တာဖမ်းဆီး သွားခဲ့သလို ဖာပွန်−ကမမောင်းသို့သွားသည့် လမ်းပိုင်းတစ်လျှောက်တွင် ကင်းပုန်းချစစ်ဆေးလျက်ရှိနေပြီး ၎င်းစခန်းချထားသည့် လမ်းပိုင်းအနီးတစ်ဝိုင်းတွင် ယခုလို မိုင်းများထောင်ထားကြောင်း ဒေသခံများက ပြောသည်။