Home သတင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုလောမြို့နယ်ရှိ စစ်ရှောင်များ အမိုးအကာလုံခြုံမှုမရှိ၍ အခက်အခဲကြုံတွေ့နေရ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုလောမြို့နယ်ရှိ စစ်ရှောင်များ အမိုးအကာလုံခြုံမှုမရှိ၍ အခက်အခဲကြုံတွေ့နေရ

827

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်(ဘိတ်)ခရိုင်အတွင်းရှိ၊ ပုလောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ရှိနေသည့် စစ်ရှောင်စခန်း (၃)ခုတွင် အမိုးအကာ လုံခြုံမှု မရှိသော အခက်အခဲများကို ကြုံတွေ့နေရကြောင်း ၎င်းစစ်ဘေးရှောင်များကို အကူအညီပေးနေသူ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ယခု ဇူလိုင်လဆန်းပိုင်းမှစ၍ ပုလောမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသလို စစ်ကောင်စီတပ်များ အင်အားတိုးချဲ့၍ စစ်ရေးအရ ပိုမိုဝင်ရောက်လှုပ်ရှာမှုများကြောင့် နေရပ်မပြန်ရဲသေးသော စစ်ဘေးရှောင် ပြည်သူ(၁,၄၀၀) အတွက် အမိုးအကာလုံခြုံမှုများမရှိသလို စားနပ်ရိက္ခာ မလောက်ငှမှုများလည်း ကြုံတွေ့နေ ကြရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူ ဒေသခံတာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “လက်ရှိ စစ်ရှောင်ပြည်သူတွေကတော့ ခန့်မှန်းခြေ( ၁,၄၀၀)ကျော်လောက်ရှိနေပြီး။ လိုအပ်နေတာက အများကြီးပဲ။ နေ့ဘက်ရိက္ခာပို့တာရောက်ရင်ညနေဆိုကုန်သွားပြီး။ ဘာလို့လဲဆို တိုက်ပွဲတွေက ဆက်တိုက်ဖြစ် နေတော့ ပြေးနေရတာ အခုဆို ၃ လလောက်ရှိနေပြီး ထင်တယ်။ အခုဆိုရွာက (၇) ရွာလောက်ရှိသွားပြီး ရှောင်နေ ရတာ။ မိုးရွာတာတစ်နေ့လုံးပဲ။ ခဏပဲတိတ်တယ်နေတောင်မထွက်ဘူး။ မိုးကြီးတော့ တာလပတ်နဲ့ပဲကာထား တော့မလုံဘူးလေ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားမှုများကြောင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ၍ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ နေရပ်ပြန်လည်နေထိုင်နိုင်ရန် မလွယ်ကူသေးကြောင်းလည်း ထိုတာဝန်ရှိသူက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့မှစ၍ ဇွန်လကုန်အထိ ပုလောမြို့နယ်အတွင်း ၄ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၅ ရွာခန့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရမှုများရှိနေပြီး ပုလောမြို့ပေါ်ဒေသများကို လည်း စစ်ကောင်စီတပ်မှ အသွားအလာ တင်းကြပ်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ သွားလာသည့်လမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ များက ဂိတ်စခန်းချစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်နေသလို စစ်ရှောင်စခန်းသို့ ရိက္ခာများ သယ်ယူ ပို့ဆောင်နိုင်သည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသဖြင့် အမိုးအကာ၊ ဆေးဝါးများနှင့် ရိက္ခာစသည့် ပစ္စည်းများမရောက်ရှိသောကြောင့် ယခုလိုအခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းလည်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။