Home ဆောင်းပါး ဓမ္မဘက်ကရပ်တည်တယ်ဆိုတာဘာလဲ (ဆောင်းပါး)

ဓမ္မဘက်ကရပ်တည်တယ်ဆိုတာဘာလဲ (ဆောင်းပါး)

949

ဓမ္မဘက်ကရပ်တည်တယ်ဆိုတာဘာလဲ

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဇူလိုင် ၁၂ရက်)

မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုက ကြေညာထားတဲ့ ထွက်ပေါက်ကတော့ ၂၀၂၃ခုနှစ် ထဲမှာ ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေ ရွေးကောက်ပွဲ ဆိုတာပါပဲ။

အကြမ်းဖက် (စကစ) စစ်အုပ်စုက ကြေညာထားသလို ဒီရွေးကောက်ပွဲဟာ တကယ်ဖြစ်လာနိုင်ပါ့မလား ဆိုတာကလည်း မင်းအောင်လှိုင်အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တခုဖြစ်ပါတယ်။ အထင်အရှားမြင်နေရတာကတော့ ဒီရွေးကောက်ပွဲဟာ တစ်တိုင်းတစ်ပြည်လုံးက တခဲနက် ဆန့်ကျင်သပိတ်မှောက်တာကို မလွဲမသွေခံရမယ့် အလားအ လာရှိနေတဲ့ အချက်ပါပဲ။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း စစ်အုပ်စုရဲ့အကျင့်စရိုက်အတိုင်း (ချခင်းပြမထားတဲ့) ကောက်ကျစ်ယုတ် မာတဲ့ လျှို့ဝှက်အကြံအစည် ၂-၃-၄-၅ စသဖြင့် ရှိနေနိုင်ပါသေးတယ်။

လက်တွေ့မှာ နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်တဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေ တွေကလည်း ထပ်မံ တင်းကြပ်ဖို့ စိုင်းပြင်းနေတာမို့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာ မူးလို့မှ ရှူစရာမရှိတဲ့ ရွေးကောက် ပွဲမျိုးပဲ ဖြစ်နေမှာပါ။

ရွေး/ကော် (Union Election Commission – UEC) ဆိုတာကလည်း အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ ခါးပိုက် ဆောင်ကော်မရှင်ပဲဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပက ကောင်းကောင်း သဘောပေါက်ထားကြပြီး ဖြစ်ပါတယ်။

အငြိုးနဲ့နောက်ထပ် ဇွတ်အတင်း ပြုလုပ်လာတဲ့ “PR စနစ်” ဆိုတာကိုလည်း သူတို့အတွင်းပိုင်းမှာတောင် ကောင်းကောင်းသဘောပေါက်သူက အလုံအလောက် မရှိသေးပါဘူး။ စမ်းတဝါးဝါးနဲ့ပါ။ လက်တွေ့အကျိုးဆက်တစ်ခု ကတော့ PR စနစ်အတွက် မြို့နယ်နဲ့ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းလာရလို့ အုပ်ချုပ်ရေးပိုင်းမှာလည်း ကမောက်ကမတွေ တစ်ပုံကြီး ဖြစ်နေတာပါ။

အရေးကြီးတဲ့ နောက်တစ်ချက်က သူတို့ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲ (၂၀၂၃ခုနှစ်) ဆိုတာ မှာ ဘယ်လိုနိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာလဲ ဆိုတဲ့ကိစ္စပါ။

NLD ပါတီက ဝင်ရောက်အရွေးခံမှာလား။ ထို့အတူ SNLD ပါတီကရော ဝင်ရောက်ယှဉ်ပြိုင်မှာတဲ့လား။ ရွေးကောက်ပွဲဝင်မယ်/မဝင်ဘူးဆိုတာ အခုလိုအချိန်မှာတော့ ပြောဖို့စောနေပါသေးတယ်ဆိုပြီး ပြောချင်လည်း ပြောနိုင် ကြပေမှာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီတိုင်းဟာ အနည်းဆုံး မဲဆန္ဒနယ် ၃နေရာတော့ မပျက်မကွက် ဝင်ရောက်ယှဉ် ပြိုင်ရမယ်ဆိုတဲ့ ဥပဒေစည်းကမ်းရှိနေပါတယ်။ အကယ်၍ ဝင်ရောက်မယှဉ်ပြိုင်ဘူးဆိုရင် အဲဒီပါတီဟာ သတ်မှတ်ထား တဲ့ ဥပဒေ၊ ပုဒ်မအရ မှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းတာခံရမှာပါ။

ဒါကြောင့် အခြားပါတီတွေထက် ပြည်သူကအားထားတဲ့ အလေးထားတဲ့ NLD ပါတီနဲ့ SNLD ပါတီတို့ရဲ့ သဘောထားကို မေးကြည့်တာပါ။

အကြမ်းဖက် (စကစ) စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလား/ မယှဉ်ပြိုင်ဘူး လားဆိုတာဟာ ပြည်သူက အားထားပြီး – ပြည်သူ့အရေးကို ဦးထိပ်ထားတဲ့ နိုင်ငံရေးပါတီတိုင်းအတွက် ရပ်တည်ချက် ဆိုင်ရာ မှတ်ကျောက်တင်ခံရမယ့် အရေးကြီးတဲ့ စာမေးပွဲတစ်ခုလိုပါပဲ။

အကြမ်းဖက် (စကစ) စစ်အုပ်စုအနေနဲ့ NLD ပါတီကို သဲကြီးမဲကြီး အကြမ်းဖက် ဖိနှိပ်ချေမှုန်းနေသော်လည်း အခြားတစ်ဖက်မှာတော့ SNLD ပါတီကို “ချို”ထားတာ အင်မတန် မြင်လာပါတယ်။

NLD ပါတီက ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးထောင်ချခြင်း၊ တောတွင်းနဲ့ ပြည်ပသို့ထွက်ပြေးအောင် မောင်းထုတ်ခြင်း၊ ပါတီဝင်တွေကို သတ်ဖြတ်ခြင်း၊ ပါတီရုံးခန်းတွေ ဖေါက်ခွဲဖျက်ဆီးခြင်း စတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။

SNLD ပါတီကတော့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်တဲ့ အနေအထားဖြစ်နေတယ် မဟုတ်ပါလား။ SNLD ပါတီ (ထိပ်ပိုင်းနဲ့ အောက်ခြေပါတီဝင်) ဝင်တွေကို ခေါ်ယူစစ်မေးတာ၊ ဖမ်းဆီးခြိမ်းခြောက်တာ ခံရတယ်။ SNLD ပါတီရုံးခန်းတွေ ဝင်ရောက်စစ်ဆေးရှာဖွေတယ်လို့ ကျနော် မကြားမိပါဘူး။

တစ်ခွင်တစ်ပြင်လုံးမှာ အကြမ်းဖက် ဖိနှိပ်ချေမှုန်းရေး မုန်တိုင်းကြီးတိုက်ခတ်နေပေမယ့် အခြားနေရာတစ်နေ ရာမှာတော့ “ကွက်ပြီး” နေသာတယ်၊ လေလာတယ်၊ သာယာချမ်းမြေ့နေတယ်ဆိုတာဟာ အင်မတန် ကောက်ကျစ်စဉ်း လဲတဲ့ သွေးခွဲရန်တိုက်ပေးမှုကလွဲလို့ တခြားဘာမှမဖြစ်နိုင်ပါဘူး။

တရားဝင် တည်ရှိနေတဲ့ နိုင်ငံရေးပါတီ ၂ရပ်အပေါ် အဲဒီလိုမတူတဲ့ သဘောထားနှစ်ရပ်နဲ့ ခွဲခွဲခြားခြား ပြုမူဆက် ဆံနေတာဟာ အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ သဘောထားနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စုက SNLD ပါတီကို လာမယ့် အထွေထွေရွေးကောက်ပွဲ (၂၀၂၃ခုနှစ်)မှာ ဝင်ပြိုင် စေလိုတဲ့ သဘောထားအပြည့်အ၀ ရှိနေပုံပါပဲ။ ဒါကြောင့် ဘာကိုမှ မတို့မထိဘဲ လက်ရှောင်နေတာ ထင်ရပါတယ်။

အခြားမြင်သာတဲ့ကိစ္စတစ်ခုကတော့ နိုင်ငံရေးပါတီတွေကို ရွေး/ကော် (UEC)က စစ်ဆေးတာမှာ SNLD ပါတီ ဘက်က သဘောတူကြည်ဖြူစွာ အစစ်အဆေးခံလိုက်လို့ ဒီကိစ္စပြေလည်သွားကြဟန်ရှိပါတယ်။

SNLD ပါတီက “ဓမ္မဘက်က ရပ်တည်မယ်”လို့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ထည့်သွင်းကြေညာထားတာဖြစ်လို့ လက်တွေ့ ဘယ်လိုရပ်တည်သွားမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။

နိုင်ငံရေးပါတီတွေဆိုတာ ပြည်သူတွေကိုခေါင်းဆောင်ဖို့ လမ်းကြောင်းမှန်ကို ရှေ့ဆောင်ဖို့ ဖွဲ့စည်းထူထောင် ထားကြတာပါ။ ပြည်သူတွေရဲ့နောက်မြီးခိုပြီး၊ မှိန်းပြီးလိုက်ကြဖို့ မဟုတ်ပါဘူး။

စွန့်စွန့်စားစား ဆောင်ရွက်ဖို့ လိုအပ်လာတဲ့အခါမှာလည်း ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ပြီး တိုက်ပွဲဝင်သွားဖို့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ ကျေးလက်နဲ့မြို့ပြ၊ မြေပြန့်နဲ့တောင်ပေါ် နိုင်ငံနဲ့အဝန်း ပြည်သူတွေ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံရတာ၊ နေအိမ်တွေ၊ ဆန်စပါးတွေ၊ ကျွဲနွားတွေ လုယက်ဖျက်ဆီး မီးတိုက်ခံနေရတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေ ကြားနေ သိနေပါလျက်နဲ့ မသိသလို၊ မကြားသလို မသက်ဆိုင်သလို အသံတိတ်၊ နှုတ်ဆိတ်နေကြတာမျိုးဟာ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ငါတို့ပါတီနဲ့ ငါတို့ပါတီဝင်တွေ ဘေးကင်းလုံခြုံရင် ပြီးတာပဲဆိုတဲ့ ဘယ်သူသေ သေ ငတေမာတဲ့ စိတ်ထားမျိုး မထားရှိ၊ မကျင့်သုံးအပ်ပါဘူး။

အကြမ်းဖက် (စကစ) စစ်အုပ်စုကတော့ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ လူမဆန်တဲ့စရိုက်နဲ့ အထွေထွေ ရွေးကောက်ပွဲ (၂၀၂၃ – ခုနှစ်) ဆိုတဲ့လမ်းကနေ ဇွတ်ထွက်နိုင်ဖို့ စဉ်ဆက်မပြတ် ပြင်ဆင်လုပ်ဆောင်နေပါတယ်။

အဆက်ဆက်သော စစ်အုပ်စုတွေဟာ “အပစ်အခတ်ရပ်စဲရေး – အမျိုးသားညီလာခံ – အခြေခံဥပဒေ – နိုင်ငံရေး ပါတီ – အထွေထွေရွေးကောက်ပွဲ – ရွေးကောက်ပွဲကော်မရှင် – ရွေးကောက်ပွဲဆိုင်ရာဥပဒေ – ရွေးကောက်ပွဲရလဒ်”စတာ တွေကို ၎င်းတို့လက်ခုပ်ထဲကရေလို သွန်လိုသွန်၊ မှောက်လိုမှောက် စိတ်ကြိုက်ထင်သလို လုပ်ခဲ့ကြတာပါ။ အခုလည်း ဒင်းတို့မလိုလားတဲ့ လက်မခံနိုင်တဲ့ ပြည်သူ့ဆန္ဒ (ဝါ) ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ပြီး နောက် ထပ် စိတ်ကြိုက်ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေကြပြန်ပါပြီ။

ကျနော်တို့နိုင်ငံရေးပါတီတွေဟာ ဟိုယခင်ကလိုပဲ စည်းကမ်းသေဝပ်စွာနဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုက ကျင်းပပေးမယ့်ရွေးကောက်ပွဲမှာ ခေါင်းငုံ့လက်ပိုက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြအုံးမှာလား။ ၂၀၀၈ အခြေခံဥပဒေကို လုံး၀ ဖျက်သိမ်းပစ်ရမယ်။ အဖုံးကစပြီး အသစ်ပြန်လည်ရေးဆွဲရမယ်လို့ အာပေါင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြပြီး ၂၀၀၈ အခြေခံဥပဒေကို ထပ်မံ အသက်သွင်းကြအုံးမှာလား။ စစ်အုပ်စုကခင်းပေးတဲ့ စင်မြင့်ပေါ်မှာ စစ်အုပ်စုက တီး ပေးတဲ့တီးလုံးနဲ့ စစ်အုပ်စုက သင်ပေးထားတဲ့ ကကွက်အတိုင်း ကပြအသုံးတော်ခံကြအုံးမှာလား။ သေသေချာချာ စဉ်းစားကြည့်ကြပါ။

အကြမ်းဖက် (စကစ) စစ်အုပ်စုကတော့ အထွေထွေရွေးကောက်ပွဲ (၂၀၂၃ – ခုနှစ်)ကို “မင်းအောင်လှိုင် သမ္မတ ဖြစ်စေ – ၂၀၀၈ အခြေခံဥပဒေတည်မြဲစေ – တိုင်းရင်းသားတွေကိုဖက်ဒရယ်နဲ့ လှည့်စားနိုင်စေ – PR လည်း ပြဌာန်းပြီး စေ – စစ်အုပ်စုလည်း သားစဉ်မြေးဆက်အာဏာခိုင်မြဲစေ” စတဲ့၊ စတဲ့ တစ်ချက်ခုတ်ရင် အပိုင်းပိုင်းပြတ်မယ်ဆိုတဲ့ တွက်ကိန်းနဲ့ အရူးအမူးလုပ်နေတာပါ။

ဒါပေမယ့် အဲဒီတွက်ကိန်းတွေ ဖြစ်လာဖို့ ဘယ်လိုအခြေခံ အကြောင်းအချက်မျှ ဒီနေ့ကာလအထိ မတွေ့မမြင် ရသေးပါဘူး။

စစ်ကိုင်းတိုင်းမှာ၊ မကွေးတိုင်းမှာ၊ ချင်းပြည်နယ်မှာ၊ ကယားပြည်နယ်မှာ၊ ကချင်ပြည်နယ်မှာ၊ ကရင်ပြည်နယ် မှာ၊ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ဒီမိုကရေစီရှိတဲ့ ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာနိုင်ပါ့မ လဲ။

လေယာဉ်ပျံနဲ့ ဗုံးကြဲခံရတဲ့၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာခံရတဲ့၊ ရွာလုံးကျွတ် မီးတင်ရှို့တာခံရတဲ့ နိုင်ငံနဲ့ အဝန်း ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုစိတ်ဓါတ်နဲ့ မဲလာပေးကြမှာလဲ။

နေ့စဉ်နဲ့အမျှ နိုင်ငံနဲ့အဝန်း ဒေသအနှံ့အပြားမှာ သူတို့သားသမီးတွေ၊ ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေ ဟာ ဘယ်နှလုံးသား၊ ဘယ်လိုခြေလှမ်းများနဲ့ မဲရုံတွေဆီကို သွားကြရမှာလဲ။

သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေအနေနဲ့လည်း နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုမျိုးစုံကို ကြားသိတွေ့မြင်နေပါ လျက်နဲ့ “တရားဝင် ပါတီတည်ရှိရေး” ဆိုတဲ့ ဆင်ခြေအတွက် မဲဆန္ဒနယ် ၃နယ်တော့ မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရ ပါလိမ့်မယ်ဆိုတဲ့စကားကို သင်တို့လိပ်ပြာသန့်သန့်နဲ့ ပြောဆိုဝံ့ကြပါသလား။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ရင်လည်း အကြမ်းဖက် (စကစ) စစ်အုပ်စုက “NLD – CRPH – NUG – NUCC – PDF နဲ့ အချို့သော EAOs တွေကို လက်ညှိုးထိုးအပြစ်ပုံချအုံးမှာသေချာ ပေါက်ပါပဲ။

ဒါကြောင့် အကြမ်းဖက် (စကစ) စစ်အုပ်စုက ပြုလုပ်မယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲ (၂၀၂၃ – ခုနှစ်)ဆို တာကို တစိတ်ထဲတဝမ်းထဲ ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားကြရမယ် ဆိုတဲ့လမ်းကလွဲလို့ အခြားရွေးချယ် စရာ မရှိတော့ပါဘူး။

အခုအခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ PDF/PLA တို့ရဲ့တိုက်ပွဲတွေ၊ အချို့သော EAOs တွေရဲ့တိုက်ပွဲတွေ ဟာ မြို့ပြပြည်သူများရဲ့ အုံကြွဆန့်ကျင်မှုများနဲ့ အထွေထွေရွေးကောက်ပွဲ (၂၀၂၃ – ခုနှစ်) တိုက်ဖျက်ရေး လက်တွေ့ တိုက်ပွဲဦးတည်ချက်အောက်မှာ အပြန်အလှန် ပေါင်းစပ်သွားနိုင်မယ့် အလားအလာကောင်း၊ အခြေခံကောင်းတွေကို မြင်တွေ့လာနေကြရပါပြီ။

“တရားတဲ့တိုက်ပွဲ” ဆိုတာ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့ဘက်ကတစ်သားတည်း ရပ်တည်ရမယ်။ ပြည်သူကို အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အုပ်စု – စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရိုကရေစီယန္တရားကို နည်းသဏ္ဍာန်ပေါင်းစုံ နဲ့ တိုက်ပွဲဝင်ရမယ်။ သို့မှသာ “တရားတဲ့တိုက်ပွဲ”လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။ အဲဒီလိုတိုက်ပွဲမျိုးမှာ လက်တွေ့ပါဝင်မှသာ ဓမ္မဘက်က ရပ်တည်တာလို့ အဓိပ္ပါယ်ရှိရှိ ပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဓမ္မနဲ့ အဓမ္မကို ခွဲခြား၊ စည်းသားပြနေရုံနဲ့ မပြည့်စုံ မလုံလောက်ပါဘူး။ မတရားမှု၊ အဓမ္မမှု စတဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်ညှိုးထိုးညွှန်ပြတာနဲ့ တပြိုင်နက်ထဲမှာ တည်ကြည်ရဲရင့်စွာ တိုက်ပွဲဆင်မှုဆိုတဲ့ လက်တွေ့နဲ့လည်း မပျက်မကွက် ပေါင်းစပ်ပေးဖို့လည်း သိပ်ကိုလိုအပ်ပါတယ်။

ဒါကြောင့် “ဓမ္မဘက်က ရပ်တည်တယ်” ဆိုတာကို ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ဘယ်လို တိုက် ပွဲဝင်သလဲဆိုတဲ့ လက်တွေ့နဲ့သာ အခိုင်အမာ မှတ်ကျောက်တင် စစ်ဆေးနိုင်ပါလိမ့်မယ်။