Home သတင်း စားသောက်ကုန်စျေးနှုန်းများမြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုကြပ်တည်းလာ

စားသောက်ကုန်စျေးနှုန်းများမြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုကြပ်တည်းလာ

828

ဇူလိုင်လ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ကရင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာ ခြင်းကြောင့် ဒေသတွင်း အခြေခံလူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် ဝင်ငွေထွက်ငွေမမျှတသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ကရင်ပြည်နယ်၏ နယ်စပ် ဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်အဟုန်မြင့် ဖြစ်ပွားနေသလို ကုန်သွယ်ရေးလမ်းကြောင်းများ လည်း ပိုမိုခက်ခဲလာပြီး ကုန်စည်စီးဆင်းမှုလည်းနှောင့်နှေးသည့်အတွက် ကုန်ပစ္စည်းရှား ပါးမှုများကြုံလာရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုအခြေအနေကြောင့် ဖားအံ၊ ကေ့ာကရိတ်၊ မြဝတီ၊ လှိုင်းဘွဲနှင့် ဖာပွန်ဒေသများတွင် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်နှင့် ကြက်သွန်စျေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အတွက် စာဝတ်နေရေးခက်ခဲလာကြောင်း နေ့စားပန်းရံလုပ်ကိုင်သူ ဖားအံဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက”အခြေအနေကတော့ အဆင်မပြေဘူး။ ကျနော်ဆို တစ်ရက်ကို ရှစ်ထောင်ပဲရတာ။ တခါတလေ ပန်းရံ မလုပ်ရတဲ့ရက်တွေတောင် ရှိတယ်။ အလုပ်က လုပ်ရတစ်ချက် မလုပ်ရတစ်ချက်ပဲ။ ရပ်ကွက်ထဲက အသုပ်ဆိုင် တောင်အရင်က တစ်ပွဲငါးရာကနေ အခုရှစ်ရာဖြစ်သွားပြီး ဆန်တွေကလည်း စျေးတက်တော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ အခြေခံ စားသောက်ကုန်ပစ္စည်းလို့သာပြောတာ အခြေခံလူတန်းစားတွေအတွက် ဘယ်လိုမှ အဆင်မပြေတဲ့အခြေအနေကို ရောက်နေပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင် ယခင်က စားသုံးဆီတစ်လီတာလျှင် ၁,၅၀၀ ကျပ်ရှိရာမှ ယခုတွင် (၄,၃၀၀)ကျပ်နှင့် ယခင် ပေါ်ဆန်းမွှေးပြည် ၂၀ အိတ်ဆန်တစ်အိတ်လျှင် (၄၅,၀၀၀)ကျပ်မှ ယခုအခါ (၄၇,၀၀၀)ကျပ်စျေးတက်သွားသလို ဆားတစ်ထုပ်လျှင် နှစ်ရာကျပ်မှ ယခု သုံးရာကျပ်အထိ စျေးတက်လာသည်ဟု ကုန်စုံများထံမှ သိရသည်။

ထို့အပြင် ကြက်သွန်စျေးကွက်တွင်လည်း ယခင်က ကြက်သွန်နီတစ်ပိဿာလျှင် ၁,၂၀၀ ကျပ်မှ ယခု ၂,၄၀၀ ကျပ် နှင့် ယခင်က ကြက်သွန်ဖြူတစ်ပိဿာလျှင် ၆,၀၀၀ ကျပ် မှ ယခု ၇,၀၀၀ ကျပ်အထိ စျေးတက်သွားကြောင်းနှင့် ငရုပ်သီးစျေးကွက်တွင်လည်း ယခင် ငရုပ်သီးအခြောက်တစ်ပိဿာလျှင် ၅,၅၀၀ ကျပ်မှ လက်ရှိတွင် ၇,၀၀၀ ကျပ်အထိရှိလာကြောင်း ကုန်စုံဆိုင်ရောင်းဝယ်သူများက ပြောသည်။

လက်ရှိတွင် ကုန်စည်စီးဆင်းမှုအတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် စက်သုံးဆီ စျေးနှုန်းများ မြှင့်တက် လာမှုကြောင့် သယ်ယူပို့ဆောင်ခစျေးနှုန်းလည်း မြှင့်တက်လာပြီး အလုပ်အကိုင်နှင့် ဝင်ငွေ ရှားပါးလာမှုများ ကြောင့်လည်း ကုန်စည်ရောင်းအား ကျဆင်းနေကြောင်း ကော့ကရိတ်မြို့နေ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။

”အခုဆို နေရာတကာလမ်းတွေပိတ်တယ်။ အရင်ခေတ်ကလိုပေါ့၊ တစ်နေရာကနေ တစ်နေရာကိုပို့ရင် လမ်းမှာ ဖြတ်တားကြ၊ ညအိပ်ရနဲ့ အချိန်နောက်ကျ။ နောက်တစ်ချက်က စက်သုံးဆီဈေးမြင့်လေ သယ်ယူပို့ဆောင်ခ တွေမြင့်တယ်လေ။ အဲ့တာကြောင့် ကုန်စျေးနှုန်းတွေလည်း မြင့်တာ။ ဝယ်တဲ့လူကတော့ အရင်ကထက် နည်းလာတာပေါ့။ အရင်ကဆိုတစ်ရက်ကို တစ်သိန်းဖိုးလောက် ရောင်းရရင် အခုဆို ငါးသောင်းဖိုး လောက်ပဲရောင်းရတော့တယ်။ ဘယ်လိုမှမတတ်နိုင်တဲ့အခြေအနေ ဖြစ်နေပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် အခြေခံစားသောက်ကုန်များအပြင် လောင်စာ ဆီစျေးနှုန်းများနှင့်ဝန်းဆောင်မှု လုပ်ငန်းများလည်းစျေးနှုန်းမြှင့်မားလာသလို တစ်ဖက်တွင်လည်း အလုပ်အကိုင် များရှားပါးလာ၍ နယ်စပ်ဒေသကိုဖြတ်ကျော်ပြီး တစ်ဖက် ထိုင်းနိုင်ငံဘက်သို့ ပုံစံမျိုးစုံဖြင့် တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများ ပိုမိုများပြားလာလျက်ရှိသည်။

ထိုသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရာတွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရမှု နှင့် တောတွင်း စွန့်ပစ်ခံခဲ့ရမှုတို့ ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရသည်။