Home သတင်း ကျောင်းများ ဆရာ/မ မလုံလောက်မှုကြောင့် ဆရာကြေး၊ အချိန်ပိုကြေးကောက်ခံကာ ၁၀ တန်းအောင်သူများအား စာခေါ်သင်ခိုင်းနေ

ကျောင်းများ ဆရာ/မ မလုံလောက်မှုကြောင့် ဆရာကြေး၊ အချိန်ပိုကြေးကောက်ခံကာ ၁၀ တန်းအောင်သူများအား စာခေါ်သင်ခိုင်းနေ

801

ဇူလိုင် ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း မြို့နယ်များတွင် မြို့ပေါ် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေသော်လည်း ဆရာ/မ မလုံလောက်မှုကြောင့် ကျောင်းသားမိဘများထံမှ ဆရာကြေး၊ အချိန်ပိုကြေး ကောက်ခံကာ ၁၀ တန်းအောင်သူ များအား စာခေါ်သင်ခိုင်းနေကြရကြောင်း ကျောင်းသားမိဘအသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်နယ်တွင်း မြို့နယ်တော်တော်များမှ မြို့ပေါ်ကျောင်းများတွင် ဆရာ/မ မလုံလောက်မှုကြောင့် ကျေးလက် များမှ ကျောင်းမဖွင့်နိုင်သည့်ကျောင်းမှ Non CDM (အာဏာဖီဆန်ရေးမလုပ်ထားသူ) ဆရာ/မများအား တွဲဘက် အင်အားဖြည့်အဖြစ် ခေါ်ယူသင်ကြားစေခြင်းနှင့် ၁၀ တန်းအောင်ထားသူများအား ကျောင်းစာခေါ်သင် ခိုင်းနေကြ ရသည့်အတွက် ကျောင်းသားများအပေါ် အချိန်ပိုကြေး၊ ကျောင်းဆရာကြေးအဖြစ် ငွေကြေးကောက်ခံ သင်ကြားနေကြရသည့် အခြေအနေဖြစ်နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။

“မြို့ပေါ် ကျောင်းတွေမှာ ဆရာ/မ မလုံလောက်တော့ တခြားရွာဘက်တွေက ကျောင်းမဖွင့်နိုင်တဲ့ ကျောင်းက ဆရာမတွေကို အင်အားဖြည့် တွဲဘက်သင်ကြားရေး ခေါ်သင်ခိုင်းတာတောင် ဆရာ/မ မလုံလောက်ဘူး၊ အဲ့တော့ Non CDM ဆရာမတွေက ပြီးခဲ့တဲ့နှစ်တွေက ၁၀ တန်းအောင်ထားကြတဲ့ သူတို့တပည့်ကျောင်းသားတွေကို မူလတန်း၊ အလယ်တန်း စာသင်ဖို့ ကျောင်းတွေမှာ စာခေါ်သင်ခိုင်းတာတွေ လုပ်လာကြတယ်၊ အဲဒီအကူ စာသင် သူတွေ ၊ အင်အားဖြည့် ဆရာမတွေအတွက် ကျောင်းအချိန်ပိုကြေး၊ ကျောင်းဆရာမကြေးတွေ မိဘတွေ ဆီကနေ ကောက်ခံတာမျိုး ကျောင်းတော်တော်များများ လုပ်လာနေကြတယ်” ဟု မြ၀တီဒေသခံ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ပညာရေးဌာန ကျောင်းများအနေဖြင့် မြို့နယ် ၇ ခု မြို့ပေါ်ရပ်ကွက် ကျောင်းများကိုသာ ဖွင့်လှစ်သင်ကြားနိုင်သည့် အခြေအနေရှိပြီး စစ်ကောင်စီထောက်ခံသည့် ဆရာတော် သံဃာတော်များ၊ အမျိုး ဘာသာ သာသနာ‌စောင့်‌ရှောက်‌ရေးအဖွဲ့(မဘသ)/ပျူစောထီးနှင့် နယ်ခြားစောင့်တပ်-BGF စိုးမိုးသည့် ကျေးရွာအချို့ ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနေကြသည်ဟု သိရသည်။

စာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေကြသော်လည်း ဆရာ/မ မလုံလောက်သည့်အတွက် ကျေးရွာရှိ ၁၀ တန်းအောင်သူများ၊ ဘွဲ့ရအလုပ်မရှိသေးသူများအား ဖိအားပေးစာသင်ခိုင်းမှုများရှိနေကြောင်း၊ ကျေးရွာအချို့တွင် ရွာဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပြင်ပကျူရှင်ဆရာများငှားရမ်းကာ စစ်ကောင်စီပညာရေး ၁၀ တန်း ဘော်ဒါဆောင် ဖွင့်လှစ်သင်ကြားမှုများရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ ပညာရေးကျောင်းများ မတက်လို၊ မသင်ကြားလိုသည့်သူများအနေဖြင့် KNU-ကရင်အမျိုး သားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD က ဖွင့်လှစ်သည့် ကျောင်းများတွင် သွားရောက် သင်ကြား ပြသပေးနေကြကြောင်း CDM ပြုလုပ်ထားကြသည့် ဒေသခံပညာရေး ဆရာ/မများက ပြောသည်။