Home သတင်း ၇၃ နှစ်မြောက် ကော်သူးလေနေ့အပေါ် အမှတ်တရစကား

၇၃ နှစ်မြောက် ကော်သူးလေနေ့အပေါ် အမှတ်တရစကား

949

၇၃ နှစ်မြောက် ကော်သူးလေနေ့အပေါ် အမှတ်တရစကား

ယနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ကော်သူးလေအစိုးရအဖြစ်ဖွဲ့စည်းခြင်း ၇၃ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ ကော်သူးလေအစိုးရ ဖွဲ့စည်းခြင်း ၇၃ နှစ်တာကာလအတွင်းမှာ ကရင်ပြည်သူတွေ လိုလားချက်က ဘယ်အတိုင်းအတာအထိရရှိနေပြီလဲ၊ ဒါနဲ့ပတ်သက်ပြီးအမြင်အချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

နန်းဆူလိုင့် (ပြည်တွင်းလူငယ်)
အခု လူကြီးတွေက လူငယ်တွေအတွက် ကြည့်ပေးတာ နည်းသေးတယ်။ သူတို့ကိုယ်သူတို့ ပြန်ကြည့်တာ များပါတယ်။ ကျမတို့ ကော်သူးလေနိုင်ငံတော်ကိုရရှိဖို့အတွက် လွယ်ကူအုံးမှာမဟုတ်သေးဘူး။ ဘာကြောင့် အချိန်ကြန့်ကြာသလဲဆိုရင်တော့ ခေါင်းဆောင်လူကြီးတွေက သူတို့ကြိုးစားတော့ ကြိုးစားပါတယ်။ တကယ်လည်း ကြိုးစားပါတယ်။ လူငယ်တွေကို တွဲခေါ်ဆွဲခေါ်မှုက အားနည်းသေးတယ်။ လူငယ်တွေကိုယ်၌လည်း ကိုယ့်လူမျိုးကို ကိုယ်ချစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လည်း လျော့နည်းလာတဲ့အပိုင်းလည်းရှိတယ်။ ပြီးတော့ အမျိုးသားရေးအတွက်လုပ်တာက ဟုတ်ပြီ။ ကျမတို့က အရပ်သားဖြစ်တဲ့အတွက် အရပ်သားလိုနေထိုင်ရမယ်။ အမျိုးသားရေးတစ်ခုထဲကိုပဲ မြင်မယ်ဆိုရင် မျက်ကန်းမျိုးချစ်ဖြစ်သွားနိုင်တာပေါ့။

စောထီခလိန်း (ပြည်တွင်းကရင်လူငယ်)
အရင်ဆုံး ဝေဖန်ပိုင်းခြားမှုလည်းလိုတယ်။ ဘယ်လိုပြောချင်လဲဆိုတော့ လူတစ်ယောက်မှာ ဘယ်နေရာမှာ ဘယ်လိုထားမလဲ။ အလုပ်ကို ဘယ်လိုခိုင်းမလဲဆိုတာလည်း လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ဖို့အတွက်က ကျနော်တို့ ဘယ်လိုလုပ်ဆောင်ထားမလဲ။ ပြည်သူတွေကြားထဲမှာ ဝင်လာဆိုရင် ပြည်သူတွေကို ကိုယ့်ဘက်ပါအောင်၊ ပိုမိုယုံကြည်လာအောင် ဘယ်လို စည်းရုံးရမလဲ၊ ကျနော်တို့ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အရာတွေကိုလည်း သူတို့ကိုပြသဖို့လည်း လိုပါတယ်။

စောအူးကွယ် (ပြည်ပရောက်ကရင်)
ကော်သူးလေ သွားနေတဲ့လမ်းကြောင်းက အခုလှေကားထစ်ကို တက်လှမ်းတာ ၁၀၀ ရာခိုင်နှုန်းအထိ မဟုတ်သေးဘူးလို့ ပြောချင်ပါတယ်။ ၅၀ ရာခိုင်နှုန်းပဲဖြစ်တယ်။ အနှစ် ၇၀ မှာ ခြေလှမ်း ၇၀ လောက်ပဲ လှမ်းပါသေးတယ်။ လှေကားထစ်က အထစ် ၁၀၀ မှာ အထစ် ၃၀ ကျန်ပါသေးတယ်။ ဘာကြောင့်ဒီလို ကျန်လဲဆိုရင် ကျနော်တို့ ကရင်လူမျိုးက တစ်စိတ်ထဲတစ်ဝမ်းထဲ မရှိသေးလို့ပါ။ တစ်ဦးအပေါ်တစ်ဦး နားလည်မှုမရှိသေးတာ။ တစ်ဦးအပေါ်တစ်ဦး အပြစ်ဖို့ကြတယ်။ အကွဲအပြဲတွေဖြစ်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ကော်သူးလေကလည်းအကွဲအပြဲဖြစ်လာတယ်။ ကော်သူးလေက နိုင်ငံရပ်ခြားမှာ တစ်ခြမ်းကျန်တယ်။ ပြည်တွင်းမှာ တစ်ခြမ်းကျန်တယ်၊ ထိုင်းနိုင်ငံမှာ တစ်ခြမ်းကျန်တယ်။ အဲဒါကြောင့် ကျနော်တို့ ကော်သူးလေနိုင်ငံရရှိဖို့အတွက်က ကေအဲန်ယူ တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့မရတော့ဘူး။ ဒီကေဘီအေ၊ ပီစီ တစ်စုတစ်ဖွဲ့ သီးသန့်နေလို့လည်းမရပြန်ဘူး။ ကရင့်အမျိုးသားအလံတော်တစ်ခုတည်းအောက်မှာ ပြန်လာပြီး ဒါက ကော်သူးလေဖြစ်ပါတယ်ဆိုတာမျိုးဆိုရင် ကော်သူးလေက အဲဒီမှာရှိပါမယ်။

နန့်တဖိုး (ထိုင်းကရင်)
ကရင့်တော်လှန်ရေးက နှစ်ပေါင်း ၇၀ ကျော်ပါပြီ။ အခုအခြေအနေကို ပြန်ကြည့်ရင် ကျနော်တို့တွေ လက်တွဲလုပ်ဆောင်ဖို့ အခက်ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ အခုကျနော်တို့ တွေ့မြင်ရတဲ့ အကွဲအပြဲတွေက ငွေကြေးက မျက်နှာကို ဖုံးအုပ်လိုက်တဲ့အခါကျတော့ ကျနော်တို့ အလုပ်လုပ်ရတာခက်တယ်။ အဲဒါကြောင့် အဲဒါကို ပြန်ကြည့်ရင် ကျနော်တို့ ကရင်အချင်းချင်းပဲပေါ့။ ကျနော်တို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိပြီး နားလည်မှုရှိမယ်ဆိုရင် ကျနော်တို့ ကော်သူးလေရရှိဖို့ လွယ်ကူလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဲဒါကြောင့် အခု အခြေအနေနဲ့ အချိန်အခါကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ကို ဖိနှိပ်နေတဲ့အဖွဲ့အစည်းက သူ့အတွက်သိပ်မလွယ်ကူတဲ့အခြေအနေမှာရှိပါတယ်။ ကော်သူးလေရရှိဖို့က အခက်ကြီးမဟုတ်ဘူး။ အဓိက တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာနဲ့ အမှန်တရားအတွက် လက်တွဲလုပ်ဆောင်မယ်ဆိုရင်၊ ခေါင်းဆောင်တွေကြားထဲမှာ ချစ်ခြင်းမေတ္တာနဲ့ တစ်ဦးရဲ့အပြစ်အပေါ် တစ်ဦးကခွင့်လွတ်ခြင်းနဲ့ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် အနာဂတ်မှာ ကျနော်တို့ မျိုးဆက်သစ်အတွက် ကျနော်ထင်တယ် ကော်သူးလေရရှိဖို့ သိပ်ကြာမှာမဟုတ်တော့ပါဘူး။

စောနန္ဒဆူး ( ကရင်လူမှုအဖွဲ့အစည်း)
ကော်သူးလေနေ့ ၇၃ ကြိမ်မြောက်ပြည့်နေက ကျနော် ကရင်တစ်မျိုးသားလုံးဂုဏ်ယူရမယ့်နေ့ဖြစ်တယ်။ စပြီးတည်ထောင်ဖွဲ့စည်းကတည်းကနေ ယနေ့အချိန်ထိ ဖြတ်သန်းလာခဲ့တာ အခက်အခဲအများကြီးရှိပေမဲ့လည်း တော်လှန်ရေးက အသက်ရှင်နေတုန်းပါပဲ။ ယနေ့အချိန်စစ်တပ်က အာဏာသိမ်းပေမဲ့လည်း တော်လှန်ရေးကခိုင်မာ၊ မှန်ကန်စွာရပ်တည်နေတုန်းပဲ။ အဲ့တာကြောင့် ကော်သူးလေနေ့ဟာကျနော်တို့အတွက် ဂုဏ်ယူရမယ့်နေ့ဖြစ်ပြီးတော့ ရှေ့ဆက် ကျနော်တို့မျှော်လင့်ထားသလို တော်လှန်ရေးရပ်တည်ချက်ဟာ ပြီးပြည့်စုံတဲ့နိုင်ငံ လွတ်လပ်မှု၊ လွတ်မြောက်မှုဖြစ်ဖို့ပါပဲ။