Home သတင်း ဝေါလေရဲစခန်း သိမ်းပိုက်ခံရမှုတွင် စခန်းစွန့်ခွာထွက်ပြေးသည့် ရဲတပ်ဖွဲ့၀င်နှင့်မိသားစုဝင် ၁၆ ဦး ပျောက်ဆုံးနေ

ဝေါလေရဲစခန်း သိမ်းပိုက်ခံရမှုတွင် စခန်းစွန့်ခွာထွက်ပြေးသည့် ရဲတပ်ဖွဲ့၀င်နှင့်မိသားစုဝင် ၁၆ ဦး ပျောက်ဆုံးနေ

945
Photo: KNDO

ဇွန်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့နယ် တောင်ဘက် ဝေါလေ မြို့နယ်ခွဲ ရဲစခန်းအား ဇွန်လ ၁၃ရက် နံနက်ပိုင်းက ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်မှုဖြစ်စဉ်တွင် ရဲစခန်းကို စွန့်ခွာထွက်ပြေးရသည့် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၆ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ယမန်နေ့ KNDO/KNLA ပူးပေါင်းတပ်တို့ စခန်းတိုက်ခိုက်သိမ်းပိုက်မှုတွင် ရဲတပ်ဖွဲ့၀င် ၃ ဦး အရှင်ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရမိကြောင်း၊ ညနေပိုင်းတွင် ရဲတပ်ဖွဲ့၀င်များ ရဲစခန်းသို့ ပြန်လည်ရောက်ရှိ ချိန်တွင် ရဲတပ်ဖွဲ့၀င်နှင့် မိသားစု၀င် စုစုပေါင်း ၁၆ ဦးမှာ ယခုအချိန်ထိ အဆက်အသွယ်မရပျောက်ဆုံးနေကြောင်း စစ်ကောင်စီရဲတပ်ဖွဲ့နှင့်နီးစပ်သူ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ဝေါလေ ဗျူဟာကုန်းဘက်က ရဲစခန်းဘက်ကို လက်နက်ကြီးပစ်ကူပစ်ပေးတော့ ရဲစခန်းအဖွဲ့တွေ စခန်းပြန်ရောက် လူစစ်၊ ပစ္စည်းစစ် ခဲယမ်းစစ်တော့၊ ဒုရဲအုပ် ၁၊ ရဲတပ်ကြပ်ကြီး ၁၊ ရဲဒုတပ်ကြပ် ၂ ၊ ရဲတပ်သား ၇ ဦး နှင့် မိသားစုအမျိုးသမီး ၃ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၁၆ ဦး အဆက်အသွယ်မရစခန်းပြန်မ ရောက် ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ကရင်အဖွဲ့တွေ နယ်မြေ ရှင်းရင်းဖမ်းမိသွားလား၊ ဝေါလေရပ်ကွက် ဒေသခံ တွေထဲမှာ ရောပြီးပုန်းရှောင်နေလား၊ ထိုင်းဘက်ကမ်းကိုဘဲ ကူးပြေးသွားလား ဆိုတာတော့ စုံစမ်းနေတုန်းပါပဲ”ဟု ပြောသည်။

အဆိုပါ ဝေါလေ မြို့နယ်ခွဲ ရဲစခန်းတိုက်ခိုက်မှုအပြီး KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များမှ ရဲစခန်းအတွင်း ၀င်ရောက်ရှင်းလင်းစဉ် ရဲတပ်ဖွဲ့၀င် ၅ ဦးနှင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၅ ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး KNDO တပ်စခန်းတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

KNDO အထူးကွန်မန်ဒိုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစလုံးက “ကျနော်တို့က ပြောတယ်ပေါ့နော်။ ခင်ဗျားတို့ လက်နက်ချပြီ။ ခင်ဗျားတို့ကို ရန်သူအဖြစ် မသတ်မှတ်ဘူး။ ခင်ဗျားတို့ကို ညီအစ်ကို မောင်နှမလိုပဲ သဘောထား တယ်။ ကျနော်တို့ကို ကြောက်စရာမလိုပါဘူး။ အရင်မကောင်းတဲ့ ဘဝကို စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ ဘဝသစ်ကို တည်ဆောက်ပါ။ သူတို့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ တော်လှန်ရေးလုပ်မလား၊ အိမ်ပြန်ချင်လား။ အပြင်မှာ လုပ်စားကိုင်စားမလား။ ဒီမှာပဲနေမလား။ အကောင်းဆုံး စီစဉ်ပေးမယ်လို့ ကျနော်ပြောတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNDO

ထို့အပြင် တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့၀င် ၂ ဦးသေဆုံးအလောင်းများတွေ့ရှိ ရှင်းလင်းပေးခဲ့ပြီး၊ ရဲစခန်းမှ ပွိုင့် ၃၈ ခြောက်လုံးပြူး ၁ လက် ၊ မောင်းပြန်ရိုင်ဖယ် ၅ လက် ၊ ၆၀ မမမော်တာစိန်ပြောင်း ၁ လက်ပေါင်း လက်နက် ၈ မျိုး နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း၊ ရဲအချုပ်ခန်းတွင် ၃ လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားခံရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF အဖွဲ့ဝင် ၉ အား ကယ်ထုတ်နိုင်ခဲ့ကြောင်း KNLA /KNDO ပူးပေါင်း စစ်ကြောင်းက ပြောသည်။

” ကျနော်တို့ စခန်းရှင်းလင်းအပြီး ပြန်လာရာမှာ ဝေါလေမှာရှိတဲ့ ဗျူဟာစခန်းကုန်းက ၁၂၀ လှမ်းပစ်တယ်။ အဲဒီမှာ PDFက ကလေးမ ၂ ယောက်၊ ကျနော့်ရဲဘော်က ၁ ယောက်နဲ့ ကျနော်တို့ ခေါ်လာတဲ့ ရဲ ၂ ယောက် ထိသွားတယ်။ ထိတဲ့ဒဏ်ရာ မပြင်းထန်တော့ စိုးရိမ်စရာမရှိဘူး။ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ကျွေးမွေးပြုစုထားပါတယ်။ “ဟု ဒုတိယဗိုလ်မှူးကြီး စောစလုံးက ဆက်ပြောသည်။

စခန်းမှူး ရဲအုပ်လှသိန်း ဦးစီးသည့် ဝေါလေရဲစခန်းတွင် အင်အား ၂၄ ဦးနှင့် မိသားစု ၄ စုနေထိုင်ပြီး KNDO ပူးပေါင်းတပ်ဖွဲ့များ တက်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် အင်အားမမျှ၍ စခန်းကို စွန့်ခွာခဲ့ရကြောင်း၊ အချုပ်ခန်းရှိ အချုပ်သားကျား ၄ ဦး၊ မ ၄ ဦးပေါင်း ၈ ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းခံရမိကြောင်း စစ်ကောင်စီရဲ တပ်ဖွဲ့၏ သတင်းအရင်းအမြစ်များအရ သိရသည်။