Home ဆောင်းပါး ၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲမှာ “ကြွင်းကျန်အာဏာ” မရှိပါ

၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲမှာ “ကြွင်းကျန်အာဏာ” မရှိပါ

1463
Photo: Internet

၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲမှာ “ကြွင်းကျန်အာဏာ” မရှိပါ

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဇွန်လ ၁၉ရက်)

ယခုဆိုလျှင် အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ သွားပြီးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်း (၈)ဖွဲ့ရှိပြီဖြစ်ပါတယ်။ လာရောက်ဆွေးနွေးမယ်လို့ အကြောင်းပြန်ထားတဲ့ အဖွဲ့စုစုပေါင်း ၁၀ဖွဲ့အနက် အဖွဲ့ ၈ဖွဲ့ နဲ့ ဆွေးနွေးပြီးသွားတဲ့သဘောဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးဖို့ အဖွဲ့အစည်း ၂ဖွဲ့သာ ကျန်ပါတယ်။ အဲဒီကျန်တဲ့ ၂ ဖွဲ့က (SSPP) နဲ့ (LDU)ပဲ ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက် (စကစ) အစည်းဝေး (၅/၂၀၂၂) မှာတော့ မင်းအောင်လှိုင်က “အဖွဲ့တစ်ဖွဲ့က ကြားထဲမှာ ဆက်သွယ်လာလို့ ဇွန်လ ၃၀ရက်နေ့အထိ လာရောက်ဆွေးနွေးနိုင်မယ့် နေ့ရက်ကို တိုးပေး ထားတယ်”လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ တိုင်းပြည်နဲ့အဝန်းမှာ ထင်ရာစိုင်းပြီး ရမ်းရမ်း ရိုင်းရိုင်း အကြမ်းဖက် သတ်ဖြတ်၊ မီးရှို့၊ လုယက်၊ ဖမ်းဆီးနေပေမယ့် သူတို့ထင်သလို ဘာမှဖြစ်မလာပါဘူး။ ဘာတွေ ဖြစ်လာသလဲဆိုတော့ သူတို့ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေပဲ တိုးသထက် တိုးများလာပြီး ပြည်တွင်းပြည်ပက ပို၍ ပို၍ အထင်အရှား သိမြင်လာပါတယ်။ သူတို့ရဲ့ကောက်ကျစ်တဲ့ လှည့်ဖြားလိမ်ညာမှုတွေပဲ ပိုမိုပွင့်ကျလာပါတယ်။ ဒါကြောင့် လက်တွေ့အကျိုးဆက်ကတော့ သူတို့အပေါ် ပြည်သူလူထုရဲ့ ရွံရှာမုန်းတီးနာကျည်းမှုတွေပဲ ပိုမိုကြီးမားနက် ရှိုင်း ကျယ်ပြန့်လာနေပါတယ်။

သူတို့ထင်တာက ကြမ်းကြမ်းရမ်းရမ်း ဖိနှိပ်သတ်ဖြတ်၊ မီးရှို့၊ ဖမ်းဆီးတာတွေလုပ်ပြလိုက်ရင် ပြည်သူလူထုဟာ ကြောက်ရွံ့သွားလိမ့်မယ်လို့ ထင်ပုံရတယ်။ အခုတော့ ပြည်သူတွေဟာ သူတို့ထင်သလို သူတို့ကို မကြောက်ဘဲ ရရာ လက်နက်စွဲကိုင်ပြီး သူတို့ကို ရင်ဆိုင်ခုခံ တော်လှန်လာနေကြပြီ။ ပြည်သူများနဲ့ ခုခံတော်လှန်သူများရဲ့ ဒီအရှိန်အဟုန် ဟာ ယခုထက် ပိုမိုကြီးမားကျယ်ပြန့်လာမယ်။ ပိုပြီး ညီညွတ်လာကြမယ်။ ပိုပြီးနည်းစနစ်ကျလာမယ်။ ပိုပြီး အချိတ်အ ဆက် မိလာကြမယ်။ အပြန်အလှန် ပိုပြီးနားလည်မှုတွေ ရှိလာကြမယ်ဆိုရင် အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ နေဝင် ချိန်ဟာ ပိုမိုနီးကပ်မြန်ဆန်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ မြို့ပြကျေးလက် တိုင်းပြည်အနှံ့မှာ သွေးရူးသွေးတမ်းနဲ့ မီးကုန်ယမ်းကုန် အကြမ်းဖက်ရမ်းကားနေပါတယ်။ တစ်ဖက်ကလည်း မှိုင်းတိုက် သပ်လျှိုဖြိုခွဲမှုတွေကို နည်းမျိုးစုံနဲ့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်(စကစ) စစ်အုပ်စုက လက်ရှိမှာ တစာစာခေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရဲ့ တစ်ခုတည်းသော ရည် ရွယ်ချက်က သူ့ကို လက်နက်ကိုင်/လက်နက်မကိုင်၊ မြေပေါ်/မြေအောက်၊ ဥပဒေတွင်း/ဥပဒေပ နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်တော်လှန်သူတွေ လှည့်စားဖြားယောင်းပြီး တဖွဲ့စီ၊ တစ်ပိုင်းစီ သွေးခွဲရန်တိုက်ပေးဖို့ဖြစ်တယ်။ ဖြိုခွဲပစ်ဖို့ဖြစ်တယ်။ ချေမှုန်းပစ်ဖို့ဖြစ်တယ်။ ဒါကြောင့် တစ်ဖက်မှာ လူမဆန်တဲ့နည်းတွေ အစွမ်းကုန် အကြမ်းဖက် လုယက်သတ်ဖြတ်မီးရှို့ ဖမ်းဆီးနေပြီး အခြားတစ်ဖက်မှာလည်း ဆွေးနွေးပွဲဆိုတာတွေ၊ မိဘလို ခံစားပြီး PDF တွေကို အချိုသပ်လှည့်စားပြီး အလင်းဝင်လာဖို့ လက်နက်ချလာဖို့ မြှူဆွယ်နေပါတယ်။ အကြမ်းဖက် (စကစ) စစ်အုပ်စုအဖို့ နည်းလမ်းကုန်နေပါပြီ။ ပြည်သူတွေဖက်ကလည်း ဒင်းတို့ရဲ့ အကြမ်းဖက်မှုနဲ့ လှည့်စားလိမ်ညာမှုတွေကို နောကျေနေကြပါပြီ။

သို့သော် အချို့အချို့သော အဖွဲ့တွေက ကိုယ်ကျိုးစီးပွား၊ အုပ်စုစီးပွား၊ မိသားစုစီးပွားဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တဲ့ အတ္တအကျိုးစီးပွား ပိုက်ကွန်ထဲကနေ ရုန်းမထွက်နိုင်ဘဲ စစ်အုပ်စုရဲ့ အသုံးတော်ခံဘဝကို အလုအယက် တိုးဝင် ထိုးဆင်းသွားနေကြသူတွေလည်း ရှိနေပါတယ်။ သွားရည်ကျနေသူတွေ ရှိပါတယ်။

အကြမ်းဖက်(စကစ) အစည်းဝေး (၅/၂၀၂၂)မှာ မင်းအောင်လှိုင်က စစ်အုပ်စုရဲ့ နိုင်ငံရေးရည်မှန်းချက် ၂ရပ် ဆိုတာကို ပြောပါတယ်။ အဲဒီရည်မှန်းချက် ၂ရပ်အနက် ပထမအချက်က “ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ကျင့်သုံး ရေး”၊ ဒုတိယအချက်က “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး” ဆိုတာပဲဖြစ်ပါ တယ်။

မင်းအောင်လှိုင်က ဘယ်လိုဆက်ပြောသလဲဆိုတော့ “ဒီမိုကရေစီမှာလည်း တူညီတဲ့ ဒီမိုကရေစီ အခွင့်အရေး ပေးရမှာ၊ ဥပဒေအရပဲ ကျွန်တော်တို့ပေးကြရတာ”တဲ့။ “ဖက်ဒရယ်ဆိုတာလည်း မကြာခဏ ပြောသလိုပဲ၊ ပြောရရင် တော့ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်တာတွေကို မျှဝေခံစားပြီးတော့ ခွင့်ပြုပေးတာပေါ့” — “ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဆို ဘာလုပ်မလဲ၊ ပြည်ထောင်စုဆို ဘာလုပ်မလဲ၊ ကြွင်းကျန်အာဏာရပ်တွေဆို ပြည်ထောင်စုက ဘယ်လိုကျင့်သုံးမလဲ စသဖြင့် ဒါတွေကို ကျွန်တော်တို့က ခွဲဝေသတ်မှတ်ပေးတာ၊ ဒါကို မျှအောင် လုပ်ပေးရတာပေါ့။ ဒါဟာ ဖက်ဒရယ်စနစ်ပါပဲ” — “ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်အုပ် ချုပ်ရေးစနစ်ကိုပဲ ကျွန်တော်တို့သွားမယ်” — တဲ့။

မင်းအောင်လှိုင်ရဲ့ ဒီလိုအပြောအဆိုတွေဟာ တချိန်က ဗိုလ်နေဝင်းစစ်အုပ်စု ခေတ်ကာလနဲ့လူတွေ၊ အခြေအ နေတွေသာ ကွဲပြားသွားပေမယ့် စစ်အုပ်စုရဲ့ ရပ်တည်ချက်သဘောထားတွေက ဘာမှ မခြားနားပါဘူး။ အနှစ်သာရအရ စစ်အုပ်စုအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေးပါပဲ။ “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်” နေရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်နဲ့ မြန်မာ့နည်း မြန်မာ့ဟန်ဖက်ဒရယ်” ရောက်လာတာပါပဲ။

မင်းအောင်လှိုင်ရဲ့ ဒီအပြောထဲမှာ ထည့်မပြောဘဲ တမင်ချန်ထား၊ မြှုပ်ထားတဲ့အချက်က “၂၀၀၈ အခြေခံဥပ ဒေ”ပါပဲ။ “ဥပဒေအရပဲ ကျွန်တော်တို့ပေးကြရတာ” ဆိုတဲ့စကားတော့ ထည့်ပြောထားတာကိုတွေ့ရမှာပါ။ အဲဒီဥပဒေ အရဆိုတဲ့ စကားက “၂၀၀၈အခြေခံဥပဒေ အပါအဝင် အခြားတည်ဆဲ/တည်လတ္တံ့ ဥပဒေအရပ်ရပ်”ဆိုတဲ့ တုတ်နှောင် ထားမယ့် အရာတွေကို အတိအကျ ဆိုလိုလိုက်တာပါ။

တိုင်းရင်းသားတွေထဲမှာ တချို့က သီအိုရီအရ၊ သဘောတရားအရ၊ လေ့လာမှုအရ၊ ဆန္ဒလိုလားမှုအရ “ကြွင်းကျန် အာဏာ” ဆိုတာကို ခံတွင်းတွေ့ကြသူတွေ များပါတယ်။ ဖက်ဒရယ်ဆိုင်ရာ သီအိုရီတွေ၊ သဘောတရား တွေကို အလွတ် ရွတ်ပြနိုင်သူတွေလည်း များပါတယ်။ အဓိကပြဿနာက အဲဒီအပေါ်မှာ မတည်ဘဲ အလုံးစုံအာဏာ (ဝါ) အကြွင်းမဲ့အာဏာဟာ စစ်အုပ်စုထိပ်သီးဖြစ်တဲ့ “ကာချုပ်” လက်ထဲမှာပဲ ရှိနေတဲ့အချက်ပါပဲ။ စစ်အုပ်စုထိပ်သီး ဖြစ်တဲ့ “ကာချုပ်”ဟာ စစ်တပ်ကို တစ်လက်ကိုင် ခါးပိုက်ဆောင်တပ်သဖွယ် ချုပ်ကိုင်ထားပြီး တိုင်းပြည်နဲ့ လူထုရဲ့ အရေးအရာမှန်သမျှကို ထင်သလို စီရင်ဆုံးဖြတ်ပါတယ်။ အခုဆိုရင် ၁၀တန်းစာမေးပွဲ အောင်/ရှုံးကိစ္စထိ စွက်ဖက်နေ တယ် မဟုတ်ပါလား။

စစ်အုပ်စုကပြောနေတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က အစဉ်တစိုက် ပါဝင် ထမ်းဆောင်ရေး” ဆိုတာ စစ်အုပ်စုဟာ တိုင်းပြည်ထဲမှာ ဘာမဆို သူ့လက်သူ့ခြေ လုပ်မယ်၊ သူ့စိတ်ကြိုက် စီမံမယ်၊ ပြဋ္ဌာန်းမယ်လို့ ဆိုလိုတာပါ။ ဒါ့ကြောင့် “ကြွင်းကျန်အာဏာ” ဆိုတာ ကျွန်စုပ်တဲ့သရက်စေ့ကမှ အနံ့အသက်ကလေး လောက်ဖြစ်ဖြစ် ကျန်ကောင်းကျန်ရာ ကျန်ချင်ကျန်ပါလိမ့်အုံးမယ်။ စစ်အုပ်စုက အရာရာကို ဗိုလ်ကျလွှမ်းမိုးခြယ်လှယ် နိုင်ဖို့စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈အခြေခံဥပဒေဘောင်ထဲမှာတော့ ဘယ်လို “ကြွင်းကျန်အာဏာ” မျိုးမှ မရှိနိုင်ပါဘူး။

မန်းငြိမ်းမောင်တို့ – အေးနုစိန်တို့ – သိန်းညွန့်တို့ – ခင်မောင်ဆွေတို့ – Jeng Phang နော်တောင်တို့၊ စိုင်းလုံးဆိုင် တို့၊ ဗညားအောင်မိုးတို့ ရရှိနေတယ်ဆိုတဲ့ “အကြွင်းအကျန်မျိုး” ဆိုရင်တော့ မပြောတတ်ပါဘူး။

စစ်အုပ်စုရဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်ထဲမှာ “ဘယ်လိုဒီမိုကရေစီမျိုးပဲ ရှိသလဲ – နိုင်ငံရေးပါတီ – ရွေးကောက်ပွဲကော်မရှင် – ရွေးကောက်ပွဲ – ရွေးကောက်ပွဲရလဒ်ဆိုတာတွေ”ဟာ စစ်အုပ်စုလက်ခုပ်ထဲက ရေလိုပဲ သွန်လိုသွန်၊ မှောက်လိုမှောက် ထင်သလိုလုပ်နိုင်တဲ့ အရာတွေပဲ မဟုတ်ပါလား။ အဲဒီလို ထင်သလိုလုပ်ခဲ့တယ် ဆိုတာ ကို (၁-၂-၂၀၂၁)ရက်နေ့ မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုက အထင်အရှား ပြသခဲ့ပါပြီ။

ဒါကြောင့် တည်ရှိနေဆဲဖြစ်တဲ့ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရား (ဝါ) ၂၀၀၈ အခြေ ခံဥပဒေဘောင်” ထဲကနေ သင်တို့ ဘာကို မျှော်လင့်နေကြအုံးမှာပါလဲ။
ပြောနေတဲ့ “ပါတီစုံဒီမိုကရေစီ” ဆိုတာ စစ်အုပ်စုက ထင်သလို လုပ်ပိုင်ခွင့် အပြည့်အဝရှိပြီး ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ငုံ့ခံလည်စင်းပေးရမယ့် ဒီမိုကရေစီမျိုးလား။ ပြောနေတဲ့ “ဖက်ဒရယ်” ဆိုတာရော စစ်အုပ်စုက အချုပ်အချယ်အမျိုးမျိုးနဲ့ ခွင့်ပြုပေးသနားထားတဲ့ လက်ဝေခံအုပ်ချုပ်ရေးမျိုးလား။ ဒီလို ပါတီစုံဒီမိုကရေစီ နဲ့ ဒီလိုဖက်ဒရယ်မျိုးကို နုတ်နုတ်စင်းပြီး တိုက်ဖျက်ချေမှုန်းပစ်ရမှာပါ။

ကျနော်တို့ လူမျိုးပေါင်းစုံပြည်သူများ လိုလားနှစ်ခြိုက်တဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစစ် စစ်ဆိုတာဟာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရား (ဝါ) ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းချေမှုန်းပစ်ပြီးမှ အပြန်အလှန် တန်းတူရည်တူ ဒီမိုကရေစီနည်းကျ ညှိနှိုင်းယူကြရမယ့်ကိစ္စတွေသာ ဖြစ်ပါ တယ်။

ဒါကြောင့် စစ်အုပ်စုက ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားတဲ့ “၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုက ရေစီဘောင်” ထဲမှာ “ကြွင်းကျန်အာဏာ” ဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။ ယောင်လို့တောင် စိတ်ကူးမယဉ်မိကြစေဖို့ စေတနာရှေ့ထားပြီး သတိပေးလိုက်ပါရစေ။