Home သတင်း အသက်(၉၃) နှစ်အရွယ် ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူး ဒု-ဗိုလ်မှူးကြီး စောထုဝေါ် ၏ နောက်ဆုံးခရီး

အသက်(၉၃) နှစ်အရွယ် ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူး ဒု-ဗိုလ်မှူးကြီး စောထုဝေါ် ၏ နောက်ဆုံးခရီး

866

ဇွန်လ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူးတစ်ဦးဖြစ်ခဲ့သူ အသက် (၉၃) နှစ်အရွယ် ဒု-ဗိုလ်မှူး ကြီးစောထုဝေါ်၏ ဈာပနာ အခမ်းအနားကို ယနေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ဒု-ဗိုလ်မှူးကြီးစောထုဝေါ်သည် ဇွန်လ ၁၄ရက်နေ့က လူကြီးရောဂါဖြင့် KNLA ဌာနချုပ်တွင် ကွယ်လွန်သွားခဲ့ပြီး ယနေ့တွင် ခရစ်ယာန်ဘာသာဝင်များ၏ ထုံးတမ်းအစဉ်အလာအတိုင်း ဘုရားဝတ်ပြု ဆုတောင်းပြီး စစ်ရေးအခမ်းအနားဖြင့် ၎င်း၏ဈာပနပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သူသည် ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၌ မွေးဖွားခဲ့ပြီး ရန်ကုန်တိုင်း၊ လည်းကူးမြို့နယ်ဇာတိဖြစ်သည်။ အသက် ၁၆နှစ်အ ရွယ်မှစ၍ ကရင့်တော်လှန်ရေးထဲသို့ ပါဝင်လာခဲ့ပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (ယခု KNU တပ်မဟာ(၃)ထဲသို့ အောက်ခြေ ရဲဘော်ဘ၀မှ စတင်၏ တပ်မဟာခရိုင်မှူးအဆင့်ထိ တာဝန်အဆင့်ဆင့် ရယူခဲ့သည်။

ဒု-ဗိုလ်မှူးကြီး စောထုဝေါ်သည် ယခင် KNU-ကရင်အမျိုးသားအစည်းအရုံး အမည်ဟူ၍ ပြောင်းလဲဖွဲ့စည်းမှု မတိုင်ခင် KNUP ပါတီဝင်တစ်ဦး ဖြစ်ခဲ့ပြီး ယခု ကွယ်လွန်ချိန်တွင် သမီးတစ်ဦးနှင့် မြေးမြစ်တချို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။