Home သတင်း ရောနှောအုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းအမြောက်အများ ကိုယ်ထူကိုယ်ထပုံစံ ဖွင့်လှစ်

ရောနှောအုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းအမြောက်အများ ကိုယ်ထူကိုယ်ထပုံစံ ဖွင့်လှစ်

830

ဇွန်လ ၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့ရောနှောအုပ်ချုပ်သည့် နယ်မြေရှိ စာသင်ကျောင်းအ မြောက်အများသည် ယခုနှစ်တွင် ကိုယ်ထူကိုယ်ထပုံစံဖြင့် ပြန်လည်ဖွင့်လှစ်လာကြသည်ဟု သိရသည်။

စစ်ကောင်စီအုပ်ချုပ်မှုပညာရေးစနစ်အောက်တွင် ပြန်လည်သွားလိုခြင်းဆန္ဒမရှိသည့်အတွက် ကိုယ်ထူကိုယ်ထ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ကော်သူးလေအစိုးရ ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)လမ်းညွှန်မှုအောက်တွင် ပြန်လည်ဝင်ရောက်ရန် အစီအစဉ်ရှိသည်ဟု ကေအဲန်ယူ ကျုံဒိုးမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းတစ်ကျောင်းမှ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

“ ကျောင်းပြန်ဖွင့်ဖို့ စစ်ကောင်စီပညာရေးဌာနက ဘာမှစာပို့တာမရှိဘူး။ ကျနော်တို့လည်း သူတို့လက်အောက်မှာ ပြန်ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဖွင့်တာဖြစ်တယ်။ KECD ကတော့ စာအုပ်တွေ လာ ထောက်ပံ့တာရှိတယ်။ အရင်ကတည်းကထောက်ပံ့တာရှိတယ်။ သင်ရိုးညွှန်းတမ်းက အရင်နှစ်အတိုင်းပဲ သင်အုံးမယ်။ ဒါပေမယ့် သမိုင်းဘာသာရပ်ကတော့ ကျနော်တို့ လုံးဝကို ပြန်မသင်တော့ဘူး။ နောက်နှစ် တွေမှာတော့ ကရင်ပညာရေးဌာနအောက် ပြန်သွားနိုင်အောင်တော့ ကြိုးစားမယ်” ဟု ၎င်းကိုယ်ထူကိုယ်ထ ကျောင်းတာဝန်ရှိသူက ပြောသည်။

ယခုနှစ် ပြန်လည်ဖွင့်လှစ်သည့် နှစ်ဖက်ရောနှောအုပ်ချုပ်နယ်မြေထဲရှိ စာသင်ကျောင်းအချို့မှာ အထောက်အပံ့နှင့် ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိသည့်အတွက် အတန်းလျှော့ချ၍ ပြန်လည်ဖွင့်လှစ်ကြရသည်ဟု သိရသည်။

“ ကျမတို့ရွာမှာ အရင်တုန်းက အထက်တန်းအထိရှိတယ်။ အခုက ကိုယ်ထူကိုယ်ထပဲ ပြန်ဖွင့်မယ်ဆိုတော့ မူလတန်းလောက်ပဲ ပြန်ဖွင့်မယ်။ ကျမတို့ကလေးဆိုရင် အတန်းကြီးတော့ ဘယ်နေရာမှာ သွားထားရမလဲ မသိတော့ဘူး။ မြို့တွေမှာ သွားထားချင်တယ်။ ဒါပေမယ့် ကျောင်းအုပ်တွေကမရှိဘူးဆိုတော့ ကျောင်းထွက် လက်မှတ်တွေက ဘယ်မှာမှသွားထုတ်မရဘူး။ တချို့ကအွန်လိုင်းကျောင်းမှာပေးတက်ခိုင်းတယ်၊ အဲဒါက ကျမတို့မလုပ်တတ်ဘူးလေ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထို့အပြင် ရောနှောအုပ်ချုပ်နယ်မြေအတွင်း ယခင်အစိုးရကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသားအချို့သည် ကော်သူးလေအစိုးရ ပညာရေးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ အလယ်တန်းနှင့် အထက် တန်းကျောင်းများတွင် ပြန်ပြောင်းတက်ရောက်ကြသူရှိသည့်အတွက် အဆိုပါ ကျောင်းများတွင် ကျောင်းသားဦးရေ အလွန်များပြားပြီး ကျောင်းဆောင်အဆောက်အဦး မလုံလောက်သည့် အခက်အခဲများကြုံတွေ့ရသည်ဟု သက်ဆိုင်ရာပညာရေးတာဝန်ရှိသူထံမှ သိရသည်။

ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ ရောနှောအုပ်ချုပ်သည့် နယ်မြေအချို့သည် ဒေသလုံခြုံမှုမရှိသေးသည့်အပြင် ကလေးများ၏ ပညာရေး ထပ်မံမဆုံးရှုံးစေရန်အတွက် ယခုအချိန်တွင် ကိုယ်ထူကိုယ်ထ ကျောင်းပြန်ဖွင့်သည့် နည်းလမ်းကို အားပေးကြောင်းလည်း KECD ဗဟိုမှ အတွင်းရေးမှူးဖြစ်သူ ပဒိုစောလောအယ်မူးက ပြောသည်။

၎င်းက “ပိတ်ထားတဲ့ကျောင်းအကုန်ပြန်ဖွင့်နိုင်ဖို့ကတော့ ကျနော်တို့ အားပေးတယ်။ မြေပြင် အခြေအနေက မတူတဲ့အတွက် တပြေးညီသွားလို့တော့ မရဘူး။ KECD အောက်က သွားတဲ့ကျောင်းတွေကတော့ ပြောစရာ မလိုဘူး။ ကျောင်းသားဦးရေများလာတဲ့အပိုင်းပဲ ကြည့်ရမယ်။ မြေပြင်လုံခြုံမှုမရှိတဲ့ နေရာတွေကတော့ ကိုယ်ထူကိုယ်ထနဲ့ ဖွင့်ဖို့တိုက်တွန်းတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်ပြီး ပဒိုစောလောအယ်မူးက ” ရပ်ရွာလူထုတွေက ဝိုင်းဝန်း ကူညီထောက်ပံ့ဖို့လည်းလိုတယ်။ အခုကာလမှာ ဒေသမှာရှိတဲ့ ကျနော်တို့လူထုတွေက အသက်မွေးဝမ်းကျောင်း အခက်အခဲရှိတယ်ဆိုတာသိတယ်။ အတတ်နိုင်ဆုံး ကျနော်တို့လည်း ကူညီနိုင်ဖို့ ကြိုးစားမယ် ။ အဓိကတော့ သက်ဆိုင်ရာခရိုင်၊ မြို့နယ်တွေနဲ့ ချိတ်ဆက်ပြီးအတူတူလုပ်ဆောင်ကြဖို့ပေါ့ ” ဟု ဆက်ပြောသည်။

ယခုနှစ်တွင် KECD လက်အောက်ခံ စာသင်ကျောင်းအားလုံးနီးပါးသည် ကျောင်းသားဦးရေပိုမိုများလာ သည့်အတွက် ကျောင်းဆောင်အဆောက်အဦး လုံလောက်မှုမရှိသည့် ပြဿနာကြုံတွေ့ရသောကြောင့် အချို့စာသင်ကျောင်းများသည် ကျောင်းစဖွင့်သည့်အချိန်တွင် အချိန်ပိုင်းနှင့်ကျောင်းဖွင့်ပေးနေရသည်ဟု KECD တာဝန်ရှိသူများထံမှ သိရသည်။

ယခင်နှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင်(၇)ခုတွင် ကရင်ပညာ ရေးနှင့် ယဉ်ကျေးမှုဌာန လက်အောက်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း ၁ ,၀၉၆ ကျောင်းမှ ကျောင်သူ၊ ကျောင်းသား ဦးရေ စုစုပေါင်း ၈၉,၈၇၉ ဦးရှိသည်ဟု KECD ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။