Home သတင်း ဖားအံ -လှိုင်းဘွဲလမ်းမကြီးတစ်လျှောက် အစစ်အဆေးကြမ်းသည့်အတွက် ကျေးလက်လမ်းများကိုသာ ဒေသခံများ သွားလာနေရ

ဖားအံ -လှိုင်းဘွဲလမ်းမကြီးတစ်လျှောက် အစစ်အဆေးကြမ်းသည့်အတွက် ကျေးလက်လမ်းများကိုသာ ဒေသခံများ သွားလာနေရ

1274
Photo: Ka Saw Wah

ဇွန်လ ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံ -လှိုင်းဘွဲ လမ်းပိုင်း တစ်လျှောက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့စုံ ဂိတ်များဖွင့်၍ နေ့ရာညပါ အစစ်အဆေးများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဖားအံအနီးအပါး ကျေးရွာဒေသခံများမှာ မြို့ဘက် သို့ သွားလာရာတွင် ကျေးရွာချင်းဆက်လမ်းများကိုသာ အသုံးပြုသွားလာ နေကြရကြောင်း ဒေသခံများက ပြောသည်။

တောင်ကလေး စက်မှုဇုံအပိုင်းမှ ရွာသားတစ်ဦးက “၃ ရက်လောက်ရှိပြီ နေ့ဘက်ရော၊ ညဘက်ရော ဖားအံ-မဲဘောင်လမ်းဆုံကနေပြီးတော့ တောင်ကလေး -မိဇံဂိတ်၊ ထီလုံ-ဒေါ်လန်း လမ်းဆုံ၊ ဒိုင်းပြ၊ လှိုင်းဘွဲမြို့ ၀င်မြို့ထွက်ဂိတ်တွေ စစ်ကောင်စီအဖွဲ့စုံထိုင်ပြီး စစ်နေတာ၊ ကုန်ကားတွေ ဂိတ်ဖြတ်ကြေးကောက်တာတွေ လုပ်လာတယ်၊ ဒေသခံကားဆိုင်ကယ်တွေပိုပြီး အစစ်ဆေး ကြမ်းလာတယ်။ ဖုန်းပါရင်စစ်၊ မပါရင် ရစ်တယ်၊ ဖားအံ တစ်ခေါက်သွားဖို့က ရွာသားတွေက ကားလမ်းမကြီးအတိုင်း သိပ်မသွားလိုကြတော့ဘူး။ ရွာလမ်းတွေကပဲ သွားလာကြတဲ့ အခြေအနေ ဖြစ်နေတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖားအံ ၊ ကော့ကရိတ် ၊ လှိုင်းဘွဲ မြို့နယ်များအတွင်း စစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ်-BGF များ၊ အပစ်ရပ်အဖွဲ့အချို့က မြို့နယ်ချင်းဆက် လမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးခြင်းအကြောင်းပြကာ ငွေတောင်းခံမှုများရှိနေသည့်အတွက် ဒေသခံများသွားလာမှုမရှိသလောက် ဖြစ်နေပြီး ကျေးရွာချင်းဆက်လမ်းများကိုသာ ရှောင်ကွင်းသွားလာ နေကြရသည့်အတွက် လူမှုရေး၊ ကျန်းမာရေး ကိစ္စများခက်ခဲနေကြောင်းဒေသခံများက ပြောသည်။

စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်းတွင် စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် သံတောင်မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် KNU-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ KNLA/KNDO ပူးပေါင်းတပ်များနှင့် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံရွာသားများ စစ်ဘေးရှောင်နေထိုင်နေရသည့် မိသားစုအရေအတွက် တိုးလာနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် စားသောက်စရာ နှင့် နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။