Home သတင်း ပေါင်တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး သေဆုံးမှုအထိရှိလာ

ပေါင်တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး သေဆုံးမှုအထိရှိလာ

817

ဇွန်လ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာ ၄ ရွာခန့်တွင် ဇွန်လဆန်းပိုင်းမှစ၍ ကလေးငယ်များတွင် ရာသီ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကလေးငယ် တစ်ဦး အသက်သေဆုံးသည်အထိရှိလာနေကြောင်း မြို့နယ် လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။

ပေါင်မြို့ရှိ မိုးနိုင်ရပ်ကွက်အပါအဝင် ကတွန်၊ အလှပ်၊ ထန်းပင်ချောင်းနှင့် နတ်ကြီးချောင်း ကျေးရွာများတွင်
ရေစီးရေလာ မကောင်းသည့် ရေမြောင်းပုပ်အများအတွင်း ခြင်ပေါက်ဖွားမှုများနေခြင်းကြောင့် အသက် ၅နှစ်မှ ၁၅ နှစ်အရွယ်အတွင်း ကလေးများတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေကြောင်း ၎င်းမြို့နယ်လက်ထောက် ဆရာဝန်က ယခုလိုပြောသည်။

၎င်းက “သွေးလွန်တုပ်ကွေးရောဂါက မေလအဆုံးနဲ့ဇွန်အစ မိုးဦးကျစမှာကလေးငယ်တွေမှာ အဖြစ်များကြတယ်။ ၅ နှစ်ကနေ ၁၅နှစ်အထိ အဖြစ်များတယ်။ ပေါင်မြို့ မိုးနိုင်ရပ်ကွက်မှာအဖြစ်များတယ်တဲ့။ ဟို့တစ်နေ့ ကတောင် ဇင်းကျိုက်က ကလေးတစ်ယောက်တော့ အသည်းအသန်ဖြစ်ပြီး ဆုံးသွားတယ်။ ရေမြောင်းပုပ်တွေ ပိတ်ဆို့နေ တော့ပိုဆိုးတာပေါ့။ အသက်အရွယ်အလိုက် ဖြစ်နိုင်တာပဲ။ ရောဂါလက္ခဏာတွေကတော့ အသက် အရွယ်အပေါ်မူ တည်ပြီး ရောဂါအမျိုးအစားပဲ ကွာခြားသွားတာပေါ့။ “ဟု ပြောသည်။

အဆိုပါ ရောဂါအဖြစ်များနေသည့် ကျေးရွာရပ်ကွက်များတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြက်ခြေနီအသင်းများက ကျေးရွာရှိ ရေကန်များတွင် ပိုးသတ်‌ဆေးလိုက်လံခပ်ပေးမှုများ ရှိနေကြောင်းလည်း အဆိုပါ ဆရာဝန်က ဆက်ပြောသည်။

၎င်း သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးများ၏ ငါးရာခိုင်နှုန်းခန့်သည် ဆိုးရွားပြင်းထန်သည့် သွေးလွန်တုပ် ကွေးအဆင့်သို့ ရောက်သွားတတ်ပြီး သွေးယိုခြင်း၊ သွေးလွန်ခြင်းများဖြစ်ပွားကာ အသက်အန္တရာယ် ပါရှိနိုင် သောကြောင့် ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများကို လူမှုစာမျက်နှာများတွင် ကျန်းမာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့များက ဖော်ပြထားခြင်းများရှိသည်။

အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာရပ်များတွင် အသက်ရှုမြန်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ အဆက်မပြတ်အန်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ကလေးအရမ်းပျော့ခွေနေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း စသည်တို့ပါဝင်ပြီး ခြင်ကိုက်ခြင်းမှ ဖြစ်ပွားသည့် ရောဂါဖြစ်ခြင်းကြောင့် ကလေးငယ်များခြင်ကိုက်မခံရစေရန် လုံလုံခြုံခြုံ ဝတ်စားကြရန်၊ ခြင်ထောင် ထောင်အိပ်ရန်၊ ဆေးစိမ်ခြင်ထောင်အသုံးပြုရန်၊ ခြင်မကိုက်စေရန် လိမ်းသည့်ဆေး (mosquito repellent) လိမ်းပေးရန်နှင့် ကလေးများကို အလင်းရောင်ရစေသည့် နေရာများတွင် ဆော့ကစားစေရန်တို့ ပါဝင်သည်။

ပြီးခဲ့သည့် မေလ ၃၀ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထန်းတောကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်ဦးအသက်သေဆုံးခဲ့ရသေးသည်။ ထို့အတူ ကရင်ပြည်နယ် မြောက်ပိုင်း မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ် သံလွင်မြစ်ကမ်းဘေးရှိ အီးတူထာကျေးရွာဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုများလာသည်ဟု ဒေသခံကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။