Home သတင်း ကော်သူးလေပြည်ရည်မှန်းပြီး ကရင်လူငယ်များအနေဖြင့် ပိုမိုကြိုးစားပြင်ဆင်ကြရန် KNU တိုက်တွန်း

ကော်သူးလေပြည်ရည်မှန်းပြီး ကရင်လူငယ်များအနေဖြင့် ပိုမိုကြိုးစားပြင်ဆင်ကြရန် KNU တိုက်တွန်း

1239

ဇွန်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေပြည်ကို ရည်မှန်းပြီး ကရင်လူငယ်များအနေဖြင့် ပိုမိုကြိုးစားပြင်ဆင်ကြရန် ယနေ့ ဇွန်လ ၁၄ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ်ပွဲတွင် ကရင်အမျိုး သားအစည်းအရုံး-KNU ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ပဒို စောဆဲပွယ်က တိုက်တွန်းပြောဆိုလိုက်သည်။

ကရင်လူမျိုးများတွင် တိုင်းပြည်မရှိ၊ အုပ်ချုပ်မှုမရှိသေးသည့်ကာလတွင် ကရင်လူငယ်များအနေဖြင့် ယခင်ထက် အုပ်ချုပ်ရေး၊ ပညာရေးစသည့် အတတ်ပညာများကို ယခင်ထက် ပိုမိုကြိုးစားပြင်ဆင်ကြ ရန် ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် ကော်သူးလေနေ့ အခမ်းအနား၌ ပဒိုစောဆဲပွယ်က ယခုလို တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “လူငယ်တွေ အနေနဲ့ ကိုယ်က တိုင်းပြည်လည်းမရှိသေးဘူး၊ ကိုယ့်ရဲ့ အုပ်ချုပ်မှုလည်း မရှိသေးဘူး၊ သူများထက် နှစ်ဆသုံးဆ ကြိုးစားဖို့ လိုအပ်ပါတယ်။ သူများရဲ့ အခြေအနေကို ကြည့်ပြီးတော့ မျှော်နေမယ်ဆိုရင်တော့ မဖြစ်ဘူး။ ဒီခေတ်မှာ သူများပြောသလို စာဖတ်တယ်၊ ရေဒီယို နားထောင်တယ်။ အခုက ဝက်ဘ်ဆိုက်က ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့ အခွင့်အရေး တစ်ခုရှိနေပါတယ်။ အဲ့ကနေ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး စသဖြင့် အကြောင်းအရာ အားလုံးကို လေ့လာဖို့ ကျနော် တိုက်တွန်းလိုပါတယ်။” ဟု ပြောဆိုသည်။

ထို့အပြင် ကရင်လူမျိုးအကြားတွင်လည်း စည်းလုံးမှုကို ပြန်လည်ရရှိရန် အချင်းချင်းအကြား နား လည်မှုကို တည်ဆောက်သွားရန် လိုအပ်ပြီး ထိုမှသာ ကရင်လူမျိုးများမျှော်မှန်းသည့် ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနိုင်မည်ဖြစ်ကြောင်းလည်း ဆက်လက်တိုက်တွန်းပြောဆိုသွားခဲ့သည်။

ယနေ့ ပြုလုပ်သည့် ကော်သူးလေနေ့ အခမ်းအနားကို KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ပဒို စောဆဲပွယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် ဗဟိုကော်မတီခေါင်းဆောင်များအပြင် KNLA စစ်ဦးစီးပထမတန်း (G1)ဖြစ်သူ ဗိုလ်မှူးချုပ် စောတာမလာသော၊ KNU တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒိုအပါအဝင် တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် တပ်မှူးတပ်သားများ၊ ကရင်လူငယ်များနှင့် မဟာမိတ် ခေါင်းဆောင်တချို့အပါအဝင် စုစုပေါင်း လူဦးရေ (၃၀၀) နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အခမ်းအနားတွင် ကော်သူးလေနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ သက်ဆိုင်ရာ ခေါင်း ဆောင်များ တိုက်တွန်းပြောစကားများ၊ ကေအဲန်ယူ ဥက္ကဌ သဝဏ်လွှာအပါအဝင် ကော်သူးလေနေ့ အတွက် ပေးပို့လာသည့် သဝဏ်လွှာများကို အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထိုသို့ သက်ဆိုင်ရာခေါင်းဆောင်များမှ တိုက်တွန်အားပေးစရာများပြောဆိုရာတွင် လက်ရှိ တိုင်းပြည် အတွင်း ရင်ဆိုင်နေရသည့် စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်ဆန်သည့် စနစ်တိုင်းကို တိုက်ဖျက်ရ မည်ဖြစ်ကြောင်း နှင့် ထိုသို့တိုက်ဖျက်မည့် အင်အားစုများနှင့် လက်တွဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း လည်း KNLA စစ်ဦးစီး ပထမတန်း (G 1) ဗိုလ်မှူးချုပ် စောတာမလာသောကလည်း ပြောဆိုသွားခဲ့သည်။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖဆပလ အစိုးရနှင့် ကေအဲန်ယူ လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ရန်ကုန်တိုင်း အင်းစိန်၌ (၁၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်နေ့၊ ကော်သူး လေမြို့တော်အဖြစ် ထားရှိသည့်တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်သူးလေ အစိုးရ ဖွဲ့စည်းရာတွင် စောဘဦးကြီး (ဝန်ကြီးချုပ်)၊ ဦးလှဖေ (နိုင်ငံခြားရေး ဝန်ကြီး)၊ စောဖိုးမောင် (ပြည်ထဲရေးဝန်ကြီး)၊ ကော်ကဆာရွှေလေး (ကာကွယ်ရေးဝန်ကြီး)၊ ကော်ကဆာ တူးရာအူး(ဘဏ္ဍာရေးဝန်ကြီး)၊ စောစိန်တင် (လယ်ယာနှင့် သစ်တောဝန်ကြီး)၊ ပဒို ဘထွန်း (ပညာရေးဝန်ကြီး) နှင့် စောဂျွန်ဆင် ဒီဖိုးမင် (လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး)တို့အား မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အဆိုပါ ကော်သူးလေအစိုးရ ဖွဲ့စည်းခဲ့ခြင်းကို တောင်ငူမြို့ ကော်သူးလေအသံလွှင့်ဋ္ဌာနမှ ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်အသံလွှင့်ခဲ့ပြီး ယင်းကဲ့သို့ ထုတ်လွှင့်အပြီး နောက် တနေ့တွင် နိုင်ငံခြားအသံလွှင့်ဌာနများဖြစ်ကြသည့် BBC, All India, ပါကစ္စတန်နိုင်ငံနှင့် သြစတြေး လျားနိုင်ငံတို့ရှိ အသံလွှင့်ဌာနများကလည်း အဆိုပါ သတင်းကို ထုတ်ပြန်အသံလွှင့်ခဲ့သည်။