ဇွန်လ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်အတွင်း သံလွင်တံတား စစ်ဆေးရေးဂိတ်အပါအ၀င် မြို့တွင်း မြို့ပြင်၊ မြို့အ၀င်နေရာများတွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ဒေသတွင်းသွားလာကြသည့်ဒေသခံများ၏ ကား၊ ဆိုင်ကယ်လိုင်စင်နှင့် ကိုယ်ရေးအချက်အလက်စစ်ဆေးသည်ဟု အကြောင်းပြကာ စစ်ဆေးမှုလုပ်ဆောင်ရာတွင် လက်ကိုင်ဖုန်းများအား စစ်ဆေးငွေညှစ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း၊ ရပ်ကင်း နှင့် ရှောင်တခင် ယာဉ်စစ်ဆေးရေး လုပ်ဆောင်သည်ဟူသော ခေါင်းစဉ်ဖြင့် ဒေသတွင်းသွားလာသူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးရာတွင် ငွေ ၅,ဝဝဝ မှ ငွေ ၅ဝဝ,ဝဝဝ အထိ ခြိမ်းခြောက်ငွေတောင်းခံမှုများ လုပ်ဆောင်နေသည်ဟု ဖားအံ ဒေသခံများက ပြောသည်။
“ပြောတော့ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ကားက လိုင်စင်နဲ့ ကားမဟုတ်လို့ စစ်တယ်ဆိုတာမျိုး ပြောပြီး အမှန် တကယ်က ဖုန်းတွေ စစ်တယ်၊ ဖုန်းထဲမှာ စစ်ကောင်စီဆန့်ကျင်တဲ့ ပို့စ်တွေတင်ထားတာ၊ ရေးထားတာ၊ ရှဲထား တာ၊ လိုက်ခ်ပေးထားတာ ၊ ကွန်မန့်ရေးထားတာတွေတွေ့ရင် ခြိမ်းခြောက်တယ်၊ ဖမ်းတယ်ဆိုပြီး လက်ထိပ်ခတ် တယ်။ ကြောက်အောင်ပြောတယ်၊ ရှင်းပြရင်လည်း တချို့ ထိုးကြိတ်တာခံရတယ်၊ ပြီးတော့ အိမ်ကို ဆက်သွယ် ခိုင်းပြီး ငွေနဲ့ ရွေးခိုင်းတယ်၊ သူတို့ ငွေညှစ်ကြေးကတော့ ညှိနှိုင်းတောင်းပန်လို့ရတဲ့အပေါ် မူတည်ပြီး ၅ သောင်းကနေ ၅ သိန်းလောက်အထိပေးခဲ့ကြရတယ်။ “ဟု မြို့ခံတစ်ဦးက ပြောသည်။
ကရင်ပြည်နယ် ဖားအံ မြို့နယ်တွင် ယခု မေလအတွင်း နယ်ခြားစောင့်တပ်-BGF နှင့် စီးပွားရေးအကျိုးတူ လုပ်သူ ၄ ဦး အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု၊ သံလွင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အရပ်သားခရီးသွား ကားအား ပစ်ခတ်သဖြင့် အရပ်သားယာဉ်မောင်း တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖားအံမြို့တွင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့်အတူ ငွေညှစ်တောင်းခံမှုများလည်း ယခင်က ထက်ပိုမိုလုပ်ဆောင် လာသည်ဟု ကိုယ်တိုင်ကြုံတွေ့သည့် မြို့ခံတစ်ဦးကလည်း ပြောသည်။
သူက ” အခုဆို မြို့ပေါ် ကလေးတွေ သွားလာရင် ဖုန်းမပါလာဘူးပြောရင် ၅ ထောင်တောင်းတယ်၊ ဘာလို့ ဖုန်းမယူလာတာလဲ စစ်တယ်၊ တချို့ ဆိုဖုန်းမပါဘူးပြောပြီး ၅ ထောင်ပေးလိုက်တယ် ၊ အခုဖားအံမှာ ငါတို့ဖုန်း အစစ်မခံရတဲ့ သူတွေဆိုတဲ့ အတန်းအစားမျိုးတောင်ရှိနေပြီ၊ စစ်ကောင်စီ ရဲ ၊ စစ်တပ်နဲ့ သတင်းပေးလုပ်သူ ၊ ပျူစောထီးလုပ်သူတွေအနေနဲ့ ယာဉ်စစ်လုပ်ငန်းကြောင့် မတရားနည်းနဲ့ ၀င်ငွေကောင်းနေကြတယ်။” ဟုပြောသည်။
ဖားအံမြို့ပေါ်သို့ လာရောက်ကြသည့် ဒေသကျေးနယ်များမှ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေး ငွေညှစ်မှုများကြောင့် လူမှုရေး၊ ကျန်းမာရေးကိစ္စမှလွဲ၍ အသွားအလာနည်းပါးလာနေကြောင်း ဖားအံမြို့ခံများက ပြောသည်။