Home သတင်း စစ်ကောင်စီနှင့်ပူးပေါင်းမည့် အာဆီယံနှင့်UN အကူအညီပေးရေး ဆန်းစစ်လေ့လာမှုများကို ရပ်ဆိုင်းရန် အရပ် ဖက်အဖွဲ့များ တောင်းဆို

စစ်ကောင်စီနှင့်ပူးပေါင်းမည့် အာဆီယံနှင့်UN အကူအညီပေးရေး ဆန်းစစ်လေ့လာမှုများကို ရပ်ဆိုင်းရန် အရပ် ဖက်အဖွဲ့များ တောင်းဆို

686

ဇွန်လ ၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre) နှင့်ကုလ သမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုရုံး (UNOCHA)တို့၏ ဆုံးဖြတ်ချက်အရ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်သွားမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုများကို ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ယခု ဇွန်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အဆိုပါ ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်ဆုံးဖြတ် ချက်သည် လက်ရှိ ပဋိပက္ခအတွင်း သက်ဆိုင်ရာ ပါဝင်ပတ်သူအားလုံးမပါဝင်ဘဲ စစ်ကောင်စီနှင့်သာပူးပေါင်း လုပ်ဆောင်သွားခြင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်နက်သဖွယ်အသုံးချမည့် စစ်ကောင်စီ၏အစီအစဉ်တွင် ကြံရာပါသူများဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးပြောဆိုခဲ့သည်။

ထုတ်ပြန်ချက်၏ ပြောခွင့်ရ နော်ဝါးခူရှီးက “ဆုံးဖြတ်ချက်ချမှုနဲ့ အကောင်အထည်ဖော်မှုတွေမှာ ဒေသတွင်း သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေမပါဘဲ အကူအညီပေးမယ်ဆိုရင် အကူအညီပေးရေးတွေက ထိရောက်မှာ မဟုတ်သလို ဒေသတွင်း တောက်လျှောက်အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ငြင်းပယ်ထားသလိုဖြစ်နေပါ တယ်။ အာဏာသိမ်းစစ်တပ်ဟာလည်း လက်ရှိ မြန်မာပြည်မှာ လူထုကို ထိခိုက်နစ်နာစေတဲ့ ပြဿနာရဲ့ မူရင်းဇစ်မြစ်ပဲ။ ဒါကြောင့် ဒီအကူအညီပေးရေးတွေမှာ စစ်တပ်ဟာ မိတ်ဖက်အနေနဲ့ မဖြစ်နိုင်ပါဘူး” ဟု ထုတ်ပြန် ချက်တွင် ပြောဆိုဖော်ပြထားသည်။

မေလ ၅ ရက်မှ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို တက်ရောက်ခွင့်ပြုပြီး အကူအညီပေးရေးကို စစ်ကောင်စီ၏ လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားရန် (ASEAN AHA Centre) နှင့် (UNOCHA) တို့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အာဆီယံ၏ အကူအညီပေးမည့် ဒေသများတွင် ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့်ပဲခူးတိုင်းတို့ပါဝင်ပြီး အကူအညီပေးရေးလုပ်ငန်းများ ဆောက်ရွက်ရန်အတွက် လက်ရှိ နှစ်ဖက်ပဋိပက္ခတွင် ပါဝင်နေသည့် NUG အပြင် သက်ဆိုင်ရာ EAO များနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ကြိုတင်ပြင်ဆင်မှုနှင့်လေ့လာဆန်းစစ်မှု လုပ်ငန်းစဉ် ပုံစံဒီဇိုင်းများကိုအပြီးသတ်ရေးဆွဲထားပြီး ယခု ဇွန်လမှစ၍ လေ့လာဆန်းစစ်မှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အတူ ထုတ်ပြန်ချက်ပါ ရှေ့ပြေးအသံအဖွဲ့၏ ဒါရိုက်တာ ခင်ဥမ္မာက “OCHA နဲ့ AHA အနေနဲ့ အားလုံးပါဝင် ပတ်သက်သူတွေနဲ့ အလုပ်လုပ်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုကတည်းက ကြားနေရေး ဒါမှမဟုတ် ဘက်မလိုက် ရေးဆိုတဲ့ မူဝါဒတွေဆိုတာ ဟာသတစ်ခုလို့ ပြောရမှာပဲ။ ဒီလိုလုပ်ရမယ့်အစား စစ်တပ်နဲ့ သွားပြီးပူးပေါင်းလုပ် ဆောင်တယ်။ သူတို့က ဒီလူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းရဲ့ မူလဇစ်မြစ်တွေဖြစ်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်နေကြသူတွေဖြစ်တယ်။” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထား သည်။

၎င်းအပြင် အာဏာရှင်စစ်တပ်ရဲ့ လုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းပြီး လုပ်ဆောင်မည့် အဆိုပါ ဆန်းစစ်လေ့လာမှုနှင့် အကူအညီဖြန့်ဝေမှုများသည် စစ်ရာဇဝတ်မှုကျူးလွန်မှုများကို တရားဝင်မှုဖြစ်စေကြောင်း နှင့် OCHA နှင့် AHA တို့ အနေဖြင့် မြန်မာပြည်သူများ၏အသံကို နားထောင်ရမည်ဖြစ်ပြီး ထိုဆန်းစစ်လေ့လာမှု အစီအစဉ်များကို ချက်ချင်းရပ်တန့်ကာ ဒေသတွင်း သက်ဆိုင်ရာ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ရှိသည့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ခင်ဥမ္မာက ဆက်ပြောသည်။

အလားတူ အာဆီယံနှင့် UN တို့၏ ဆုံးဖြတ်လုပ်ဆောင်မှုအပေါ် ၎င်းတို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသတွင်ရှိနေသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) ချင်းအမျိုးသားတပ်ဦး (CNF) စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၃ ဖွဲ့နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ပါဝင်၍ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်မည့် ၎င်းတို့၏ အစီအစဉ်များကို လက်မခံနိုင်ကြောင်း မေလ ၃၀ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။

ထို့အပြင် ယခုလို သက်ဆိုင်ရာပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ အကောင်အထည်ဖော်ဆောင် ရွက်မည့် အာဆီယံနှင့် UN အစီအစဉ်များသည် အကူအညီအမှန်တကယ်လိုအပ်နေသည့် ဒေသခံအရပ်သား ပြည်သူများထံ အကူအညီရောက်ရှိနိုင်မည်မဟုတ်ဘဲ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးရာ ရောက်စေကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်တွင် ထောက်ပြဝေဖန်ထားသည်။

ယခု ထုတ်ပြန်ချက်တွင် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်-KPSN၊ ရှေ့ပြေးအသံအဖွဲ့ (Progressive voice)၊ ကရင်နီအရပ်ဖက်အဖွဲ့များကွန်ယက် (KCSN)၊ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO) နှင့် ALTSEAN-Burma စသည့် အဖွဲ့အစည်းများပါဝင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နယ်ခြားဖြတ်ကျော်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ကောင်စီ၏ ကြားဝင်စွက်ဖက်မှုမရှိဘဲ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများမှတဆင့် ဦးစားပေး ကူညီထောက်ပံ့ပေးရန် ၎င်းအဖွဲ့အစည်းများက တောင်းဆိုထားသည်။

အာဆီယံ၏ အတိုင်ပင်ခံအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်သလို စိတ်ပျက်မိကြောင်း မေလ ၇ ရက်နေ့တွင် NUG အစိုးရက အလားတူ သဘောထားထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ လူ့အခွင့်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (SAC-M) စသည့် အဖွဲ့အစည်းများလည်း အာဆီယံ၏ဆုံးဖြတ်ချက်အပေါ် သဘောထား အသီးသီးထုတ်ပြန်ကန့်ကွက်ခဲ့ကြသေးသည်။