Home တွေ့ဆုံမေးမြန်းခန်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဒါရိုက်တာ နော်ထူးထူးနှင့် မေးမြန်းချက်

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဒါရိုက်တာ နော်ထူးထူးနှင့် မေးမြန်းချက်

306

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဒါရိုက်တာ နော်ထူးထူးနှင့် မေးမြန်းချက်

“စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအားလုံးကို တာဝန်ခံမှုရှိစေဖို့ ရာဇဝတ်မှုခုံရုံးကို လွှဲပြောင်းပေးနိုင်ဖို့ ဒီနိုင်ငံတကာကနေလည်း ဖိအားပေးဖို့လိုတယ်။ ဒီစစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုကို တာဝန်ခံမှုရှိစေဖို့အတွက် ဒီ ICC ရုံးကို လွှဲပြောင်းပေးဖို့ သူတို့ကနေ Support လုပ်ရမှာ” နော်ထူးထူး (ဒါရိုက်တာ – KHRG)

ဇွန်လ ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လတ်တလော မြန်မာပြည် အရှေ့တောင်ပိုင်းဒေသ ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ကြုံတွေ့နေရသည့် အကာအကွယ်ပေးမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများအပေါ် ဆန်းစစ်သုံးသပ်ထားသည့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သော ‘အငြင်းပယ်ခံ ပြည်သူများ၏ ဘဝများ’ ခေါင်းစဉ်ပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး အဖွဲ့၏ ဒါရိုက်တာ နော်ထူးထူးကို ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

မေး-အစီရင်ခံစာရဲ့ ရည်ရွယ်ချက်နဲ့ အဓိက မီးမောင်းထိုပြချင်တဲ့အချက်က ဘာဖြစ်မလဲ။
ဖြေ-ကျမတို့ ဒီမြန်မာပြည်အရှေ့တောင်ဘက် ကရင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအကြပ်အတည်းတွေကို ဘယ်လို ရင်ဆိုင်နေရလဲ ၊ ဒီလူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လုပ်ဆောင်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ကျမတို့ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ ဘယ်လို သိရှိထားဖို့လိုလဲ၊ သူတို့ အနေနဲ့ ဘာတွေ သုံးသပ်ဖို့လိုလဲ ဆိုတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ သူတို့လုပ်ကိုင်တဲ့အခါမှာ ဘာတွေကို လေ့လာသုံးသပ်သင့်သလဲ ဒီမြေပြင် အနေအထားတွေကို ဖော်ပြခြင်းဖြစ်တယ် ဒီအစီရင်ခံစာ ကနေတဆင့်။

ဒါကြောင့်မို့လို့ မြေပြင်အနေအထားကို မီးမောင်းထိုးပြပြီး ရန်ပုံငွေတွေကို သုံးသပ်ဖို့လိုတယ်။ ဘယ်နေရာတော့ဖြစ်လိုမလဲ၊ ဘယ်နေရာတော့ဖြင့် ရောက်ဖို့ လိုသေးသလဲဆိုတာကို မီးမောင်းထိုပြချင်တယ်။ နောက်ပြီး အကူအညီပေးရေး လုပ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီက ဘယ်လို အတားအဆီး အနှောင့်အယှက် တွေပြုလုပ်နေသလဲဆိုတာကိုလည်း မီးမောင်းထိုးပြထားတယ်။ ဆိုလိုတာက နိုင်ငံတကာအသိုင်းအဝိုင်းတွေ အလှူရှင်တွေအနေနဲ့ ဒီ မြေပြင်အနေအထားကို ပိုပြီးသိရှိအောင် ဒီ အစီရင်ခံစာကို ထုတ်လိုက်ခြင်းဖြစ်တယ်။

မေး- စစ်ဘေးရှောင်တွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ နိုင်ငံတကာရဲ့ အကာအကွယ်ပေးမှုတွေကနေ အငြင်းပယ်ခံနေရတယ် ဆိုတာမျိုးက ဘယ်လိုပုံစံအငြင်းပယ်ခံနေရလဲ။
ဖြေ-အခု လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခနယ်မြေထဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီလာပေးတာကို သူတို့ က ဝင်ခွင့်မပေးတာ။ ဒီစစ်ကောင်စီက လုပ်တာလည်း ပါသလို အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကလည်း စိတ်အားထက်သန်မှု မရှိဘူး။ ဘာဖြစ်လို့ ငြင်းပယ်ခံနေရလဲဆိုရင် သူတို့(စကစ)(ထိုင်း)တို့က ငြင်းပယ်နေတာ လျစ်လျူရှု နေတာလို့ သုံးသပ်လို့ရတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီက စစ်ကောင်စီဘက်ကနေပဲ ဖြတ်သန်းစီးဆင်းရမယ်လို့ ပြောထားတယ်။ တကယ်တမ်း ပဋိပက္ခနယ်မြေမှာ စစ်ပြေးရှောင်တွေ ထွက်ပြေးရပြီးဆိုရင် တကယ်တမ်း လုပ်နေတာက ဒေသခံ အဖွဲ့တွေဖြစ်တဲ့ Local actor တွေ လုပ်ပေးရတာ။ အဲ့ဒီ ဒေသခံ အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ NGO တွေ ဒီလူသားချင်း စာနာထောက်ထားမှု အကူအညီကို လုပ်ဆောင်ရွက်နေတဲ့သူတွေ ဘာဖြစ်လို့ သူတို့ ဝင်ခွင့်မရတာလဲ။

ဘာဖြစ်လဲဆိုတော့ စစ်ကောင်စီက တားဆီးနှောင့်ယှက်တယ်။ ပစ္စည်းတွေဖမ်းတယ်။ မေးခွန်း မေးမြန်းမှုတွေလုပ်တယ်။ ဘယ်ကိုသွားမလဲ၊ ဘယ်ကိုပို့မလဲ သံသယနဲ့ သူတို့ စစ်ဆေးတယ်။ ဆိုတော့ ခြိမ်းခြောက်တာနဲ့ ဘာမှမထူးဘူး။ ပြီးတော့ ပစ္စည်းသယ်သွားရင် သူတို့ရဲ့ MOU သူတို့ရဲ့ ခွင့်ပြုချက်ပါမှ သွားလို့ရတာလေ။

အခု စစ်ဖြစ်နေတဲ့ လေးကေကော်တို့လိုနေရာမှာ သူတို့အနေနဲ့ မြန်မာပြည်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုပ်ကိုင်နေတဲ့ UN level အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့ ဝင်ခွင့်မရတာလဲ။ သူတို့က အတင်းအဓမ္မ ထိန်းချုပ်ချင်လို့။ နောက်ပြီးတော့ ဒီအကြမ်းဖက်တွေကို သူတို့က ဆက်လုပ်နေသ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဆောင်တဲ့ အဟန့်အတား အတားအဆီးတွေ အများကြီးဖြစ်တယ်။ ထိုင်းဘက်ခြမ်းမှာလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့ ဘာဖြစ်လို့ ဝင်ခွင့်မပေးတာလဲ။

ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေရတယ်။ ဆိုတော့ ကိုယ့်နိုင်ငံက စစ်ကောင်စီကလည်း မျက်ကွယ်ပြုထားတယ်။ လျစ်လျူရှုထားတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က ဒီအကူအညီတွေရရင် PDF ဆီရောက်မလား၊ CDM ဆီကိုရောက်မလား ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ ထောက်ပံ့ရာရောက်မှာလား ဖြတ်လေးဖြတ်ပုံစံ သူတို့ ဖြတ်ချင်တာ။ ဒီဘက်က ထိုင်းကလည်း ပွင့်ပွင့်လင်းလင်း ပြောင်ပြီး မကူညီရဲဘူး။ အဲ့ဒါကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်၊ ရသင့်ရထိုက်တဲ့ အကာအကွယ်ပေးမှုတွေ ဆုံးရှုံးနေတယ်။

မေး- အဲ့လို ဘာကြောင့် အငြင်းပယ်ခံနေရတယ်လို့ သုံးသပ်ယူဆလဲ။
ဖြေ-SAC ဘက်က ကြည့်မယ်ဆိုရင် ဒီအကူအညီအထောက်အပံ့တွေက စစ်ပြေးရှောင်တွေဆီကိုပဲ သွားတာမဟုတ်ဘဲနဲ့ PDF ဆီ KNU ဆီ သွားတယ်၊ တဖက်တစ်လမ်းက သူတို့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့ဆီကို ထောက်ပံ့ရာကျတယ်ဆိုပြီးတော့ မပေးသွားဘူး။

ထိုင်းဘက်ကကျတော့ ဒီတရားဝင် နယ်စပ်ဖြတ်ကျော် အကူအညီပေးတဲ့အခါ စစ်ကောင်စီဘက်ကပဲ သူတို့ကို ငြိုငြင်မလား၊ သူတို့က ဒီကိစ္စကို အရမ်းထိခိုက်လွယ်တဲ့ ကိစ္စအနေနဲ့ သတ်မှတ်ထားတဲ့အတွက် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း စားပွဲပေါ်တင်ပြီး ဆွေးနွေးတာမရှိသလို သူတို့အနေနဲ့ ကြိုဆိုတာမျိုးလည်း မရှိဘူး။ ဒါက သူတို့ အတွင်းရေးအစီအစဉ်တွေ ဖြစ်တဲ့အတွက် တိတိကျကျတော့ ကျမ မပြောနိုင်ဘူး။ အရင်က နွားခြံ(မဲဆောက်ဒေသ)လိုနေရာမျိုးမှာ ပေးနေတယ်ဆိုပေမဲ့ ပြေးလာတာက သောင်ရင်းမြစ် တစ်လျှောက်လုံးပဲလေ။ ပြီးတော့ လက်ခံထားတဲ့ နေရာတွေကလည်း လုံခြုံမှုလည်းမရှိဘူး။ လက်နက်ကြီးတောင်မှ ကျတယ်လေ။ အဲ့တော့ ဒီဘက် အိမ်နီးချင်း နိုင်ငံတွေအနေနဲ့လည်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးမှုတွေမှာ အများကြီး လစ်ဟင်းမှုတွေရှိတာပေါ့။

မေး- အစီရင်ခံစာထဲမှာကော ထုတ်ပြန်ချက် တော်တော်များများမှာ နိုင်ငံတကာ၊ အာဆီယံတို့၊ UN တို့လိုမျိုး အဖွဲ့အစည်းတွေကို ဒေသတွင်း CBO/CSOကနေ တဆင့် နယ်စပ်ဖြတ်ကျော်ကူညီလှူဒါန်းခွင့်ပေးဖို့ အမြဲတောင်းဆိုတာတွေ့ရတယ်။ ဘာကြောင့် အဲ့လို တောင်းဆိုရတာလဲ။
ဖြေ-ပဋိပက္ခတွေ တိုက်ပွဲတွေဖြစ်လာပြီးဆိုရင် ခံစားနေရတဲ့ ပြည်သူတွေအတွက် တကယ်တမ်း လုပ်နိုင်တာ ရောက်နိုင်တဲ့သူတွေက ဘယ်သူတွေလဲ။ ဒေသခံ CBO/CSO အဖွဲ့အစည်းတွေ မဟုတ်လား။ ဒီဒေသခံ CBO/CSO တွေက နိုင်ငံတကာ အဖွဲ့အစည်းတွေလို မဟုတ်ဘူး။ သူများတွေ ဆုံးဖြတ်ချက် ချတဲ့နေရာမှာလည်း သူတို့ကို တိုင်တိုင်ပင်ပင်နဲ့ အရေးတယူ လုပ်တာမရှိဘူး။ အလှူရှင် အကြီးကြီးတွေက တခြားအလှူရှင် အကြီးကြီးတွေကို အလှူငွေပေးမယ်၊ အဲ့ကမှ ကျမတို့လို အဖွဲ့ငယ်လေးတွေ မှတ်ပုံတင်မထားတဲ့အဖွဲ့တွေကို တဆင့်ပြန်ပေးတယ်။ ပြီးရင် Requirement တွေက တအား အာဏာရှင်ဆန်ဆန်နဲ့ လုပ်တာတွေ ရှိတယ်။

ဒီ နယ်စပ်ဖြတ်ကျော်ခွင့်ကို တောင်းဆိုတာကလည်း ဒီဒေသတွင်း သွားနိုင်တာ၊ လာနိုင်တာ ဒေသတွင်းအခြေအနေကို ဒေသတွင်း local actor တွေပဲ သိတယ်။ သူတို့အနေနဲ့ လုပ်လာတဲ့ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ ဘယ်နေရာကို ဘယ်လိုသွားလဲ၊ ဘယ်နေရာကို ညှိနှိုင်းမှုတွေလုပ်ပြီး သွားလဲဆိုတာ သူတို့ အနေနဲ့ ဗဟုသုတတွေရှိတယ်။ ဒေသတွင်းရဲ့ အခြေအနေကို အသိဆုံးက ဒေသခံအဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ နိုင်ငံတကာ ဖြတ်ကျော်လှူဒါန်းဖို့က တချို့ ဒိုနာကြီးတွေက ဖြတ်လို့မရဘူး။ ဒီဘက် ထိုင်းဘက်ခြမ်းကို ရောက်လာမှ ကူညီပေးလို့ရမယ်။ နယ်စပ်ဖြတ်ဖို့က ထိုင်းနဲ့ MOU မယူထားတဲ့အတွက် ဖြတ်လို့မရဘူး။

အဲ့တော့ တစ်ဖက်ကမ်းမှာ ကျန်ရှိနေတဲ့ ဒုက္ခသည်တွေကို သွားမပေးနိုင်တော့ သူတို့ ဘယ်လို လုပ်ရလဲဆိုတော့ ကျမတို့လို အဖွဲ့သေးသေးလေးတွေဆီကိုပဲ ငွေကြေးတွေပေးပြီးတော့ ကူညီပေးရတယ်။ ပြီးတော့ ပြည်တွင်းမှာ ရှိနေတဲ့ INGO တွေကလည်း အခုဖြစ်နေတဲ့ ဒီ နယ်စပ်အထိကိုလည်း သူတို့ လာလို့မရဘူး။ အဲ့ဒါကြောင့် ဒီနယ်စပ်ကို အတားအဆီး အပိတ်အပင် မရှိဘဲ တရားဝင် ဖြတ်သန်းလို့ရအောင် ကျမတို့ တောင်းဆိုရခြင်းဖြစ်တယ်။ အခုက ထိုင်းက တရားဝင် မပေးထားတော့ ခိုးကြောင်ခိုးဝှက်နဲ့ အကူအညီတွေ ပေးနေရတာပေါ့။ အဲ့လို တရားဝင် မပေး မထားခြင်းက ကျမတို့က အခက်အခဲ အတားအဆီးတွေနဲ့ လုပ်ဆောင်နေရတယ်။ အဲ့အတွက်လည်း အကူအညီတွေက ရောက်သင့်သလောက် မရောက်တာတွေလည်း ဖြစ်စေတယ်။

မေး- နိုင်ငံတကာကကော ဒေသတွင်း CBO/CSO တွေကို အဲ့လို အကူအညီမျိုးမပေးရတာကကော ဘာကြောင့်လဲ။
ဖြေ-လတ်တလောက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ သဘောတူထားတာဖြစ်တဲ့အတွက် အင်ဒိုနီးရှားမှာရှိတဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre)ကနေ အကူအညီတွေ ပို့ပေးမယ်။ ဒါကိုလည်း CBO/CSO အဖွဲ့ပေါင်း ၇၀၀ ကျော်ကလည်း ဒါကို လုံးဝ မလုပ်ဖို့ သဘောထားပေးထားတယ်။ ဘာဖြစ်လဲဆိုတော့ အဲ့ဒီ AHA စင်တာကနေ သွားမယ့်ဟာက မင်းအောင်လှိုင်တို့ဆီကနေပဲ ဖြတ်မှာ။ နိုင်ငံတကာကလည်း ဒီမြေပြင် အနေအထားကို သိဖို့လိုတယ်။ သူတို့မှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ ဘက်မ လိုက်ရေးမူဆိုတာရှိတယ်။ ဘက်မလိုက်ရေး မူဆိုတာကလည်း စကစ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒုက္ခရောက်တဲ့ သူတွေဆီကိုလည်း ရောက်ရမယ်၊ ဒီဘက် EAO ထိန်းချုပ်မှု အောက်မှာရှိတဲ့ သူတွေဆီကိုကော ရောက်ရမယ်။ သူတို့လည်း ဒီနယ်စပ်ဖြတ်ကျော် ရေးကိုသွားဖို့ တွန်းအားပေးတာလည်းရှိတယ်။ ဒါပေမဲ့ ထိုင်းက မဖွင့်သ၍ အိန္ဒိယနယ်စပ်က မဖွင့်သ၍၊ ဘင်္ဂလာဒေ့ရှ် နယ်စပ်က မဖွင့်သ၍ သူတို့လည်း မတတ်နိုင်ဘူး။ သူတို့ ဆုံးဖြတ်ချက်လာပေးလို့လည်း မရဘူး။ သူတို့က အားမလို အားမရတော့ ဖြစ်ပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်ဆံရတဲ့ အနေအထားတွေ ရှိတဲ့အတွက် ဘောင်ကျော်လို့ မရတဲ့အတွက် ဒီဘုံသဘောတူညီချက် ၅ ချက်နဲ့ပဲ သွားဖို့ သဘောတူလိုက်တာဖြစ်တယ်။

မေး-UNOCHA နဲ့ အာဆီယံ ကနေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတာတွေကို အကောင်အထည်ဖော်ဖို့ assessment တွေ လုပ်နေပြီလို့ ကြားမိတယ်။ ပြီးတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေမပါဘဲ အကောင်အထည်ဖော်တဲ့ ဒီ project က အောင်မြင်မယ်လို့ယူဆသလား။
ဖြေ-သူတို့အနေနဲ့ တစ်ဖက်က စစ်ကောင်စီနဲ့ သွားစကားပြောတဲ့အချိန်မှာ တစ်ဖက်ကို Other Stakeholder ဖြစ်တဲ့ NUG ကိုလည်း သွားစကားပြောဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ဘုံသဘောတူညီချက် ၅ချက်မှာ ပါဝင်ပတ်သက်တဲ့ သူတွေ အားလုံးနဲ့ သွားပြီးတော့ တိုင်ပင်ဆွေးနွေးရမယ်။ ပြီးတော့ OCHA ရဲ့ assessment ကို KNU က ဘာဖြစ်လို့ လက်မခံနိုင်ရတာလဲ ဆိုတာကလည်း စဉ်းစားစရာဖြစ်တယ်။ အဲ့တော့ အခု OCHA စစ်ကောင်စီနဲ့ လက်တွဲပြီး လုပ်ဆောင်မယ့် အစီအစဉ်တွေ ကိုတော့ ကျမတို့ CBO/ CSO တွေ အနေနဲ့ စိုးရိမ်မကင်းတော့ ဖြစ်စေတယ်။

မေး- စစ်ပွဲတွေကလည်း အရှိန်မြင့်ဖို့ရှိနေတဲ့ အခြေအနေမှာ စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာကော၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ပေးမှု၊ လူသားချင်း စာနာထောက်ထားမှုတွေ မရရှိကြဘူးဆိုရင် ရှေ့ဆက် စစ်ဘေးရှောင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေက ဘယ်လောက်ထိ ဆိုးဝါးလာနိုင်သလဲ။
ဖြေ-အခု ပဋိပက္ခဖြစ်တာက ပထမဦးဆုံးအကြိမ်မဟုတ်ဘူးလေ။ ဟိုးအရင်တုန်းကလည်း ဖြစ်တယ်။ ဟိုးအရင်တုန်းကလည်း ဒီကဒေသတွင်း CBO/CSO တွေ ဒီလိုအရေးပေါ် ကူညီကယ်ဆယ်ရေးတွေကို လုပ်လာနေကြပဲ။ အဲ့အတွက် ဒီက CBO/CSO တွေ လုပ်လာနေကျ Method ကို နားလည်ဖို့ လိုတယ်။ ထောက်ပံ့ဖို့လိုတယ်။ ရန်ပုံငွေတွေ ကောင်းကောင်း စီးဆင်းဖို့လိုတယ်။ ဒါမှမဟုတ်ရင် ဟိုမှာလည်း တိုက်ပွဲ ပြင်းထန်လာပြီး ဒီဘက်ကလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကလည်း ပိတ်ဆို့ ခံနေရအုံးမယ်၊ နောက်ပြီး ရန်ပုံငွေတွေကလည်း ကောင်းကောင်းမွန်မွန် မစီးဆင်းနိုင်ဘူး၊ နယ်စပ်ဖြတ်ကျော်ရေးကိုလည်း မဖွင့်ပေးနိုင်ဘူးဆိုရင် အခြေအနေက ဆိုးရွားသထက် ပိုဆိုးရွားလာနိုင်ဖို့ရှိတယ်။

မေး- အစီရင်ခံစားထဲကပဲ ဖြစ်ဖြစ် တခြား ဖြည့်စွက်ပြောဆိုပေးချင်တာမျိုးရှိအုံးမလား။
ဖြေ-အခု စစ်ဘေးရှောင်နေရတဲ့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို နိုင်ငံတကာ အာမခံချက်ရှိတဲ့ လုံခြုံတဲ့ နေရာတွေကို သတ်မှတ်ပေးဖို့လိုတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရပ်သားတွေ စစ်ဖြစ်တဲ့အချိန်မှာ လုံလုံခြုံခြုံနဲ့ သူတို့နေလို့ ရနိုင်မယ့်နေရာ တစ်ခုကို နိုင်ငံတကာရဲ့ စံချိန် စံနှုန်း၊ လူ့အခွင့်အရေးရဲ့ စံချိန်စံနှုန်းနဲ့အညီ သတ်မှတ်ထားပေးဖို့ လိုတယ်။ အဲ့ဒါက အိမ်နီးချင်းနိုင်ငံလည်းပါဝင်တယ်။ မြန်မာနိုင်ငံလည်းပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အားလုံးကို တာဝန်ခံမှု ရှိစေဖို့ ရာဇဝတ်မှု ခုံရုံးကို လွှဲပြောင်းပေးနိုင်ဖို့ ဒီ နိုင်ငံတကာကနေလည်း ဖိအားပေးဖို့လိုတယ်။ ဒီစစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုကို တာဝန်ခံမှု ရှိစေဖို့အတွက် ဒီ ICC ရုံးကို လွှဲပြောင်းပေးဖို့ သူတို့ကနေ Support လုပ်ရမှာ။