Home ဆောင်းပါး စက်သုံးဆီဈေးကွက် စစ်တပ် ထိန်းချုပ်နေတာလား

စက်သုံးဆီဈေးကွက် စစ်တပ် ထိန်းချုပ်နေတာလား

1307

စက်သုံးဆီဈေးကွက် စစ်တပ် ထိန်းချုပ်နေတာလား

ကိုကျော်ဇေယျ (ဇွန်လ ၁၀ရက်၊ ၂၀၂၂ ခုနှစ်)

မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်လာတဲ့ အခက်အခဲကို ပြည်သူတွေ ဆိုးရွားစွာ ရင်ဆိုင်နေရပါ တယ်။ ယခုနှစ် မတ်လကုန်ခါနီးလောက်ကစလို့ ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ တဖြေးဖြေးမြင့်တက်လာပြီး မြို့ကြီး တွေမှာတော့ စက်သုံးစီရဖို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဆီဆိုင်မှာ တန်းစီရတဲ့ အခက်အခဲကို စပြီး ကြုံတွေ့လာရတာပါ။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာပထမဆုံး ကြုံတွေ့ရတဲ့ စစ်သုံးဆီ ပြတ်လပ်မှုပါ။ ဒါပေမယ့် အာဏာသိမ်း စစ်တပ်ဘက်က စက်သုံးဆီနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူဖို့နဲ့ စက်သုံးဆီမပြတ်လပ်အောင် ထိန်းထားနိုင်တယ်ဆိုပြီး ထုတ်ပြန်လာခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ တစ်ချို့သော စက်သုံးဆီလုပ်ငန်းရှင်တွေက နိုင်ငံခြားငွေ‌ကြေး အခက်အခဲကြောင့် စက်သုံးဆီ ဝယ် ယူဖို့ ခက်ခဲနေတာပါဆိုပြီး ဖုံးကွယ်ခဲ့ကြပြန်ပါတယ်။ ဧပြီလ ၃ရက်မှာတော့ ပြည်ပကနေ ၀င်ရောက်လာတဲ့ နိုင်ငံခြား ငွေ‌တွေကို ရောက်ရှိလာတဲ့နေ့ကစလို့ တစ်ရက်အတွင်း အမေရိကန်တစ်ဒေါ်လာကို ဗဟိုဘဏ် သတ်မှတ်နှုန်း ၁၈၅၀ ကျပ်နဲ့ မြန်မာကျပ်ငွေစာရင်းထဲ ထည့်သွင်းရမယ်ဆိုပြီး အာဏာသိမ်း စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန် ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။

မေလ၊ လဆန်းပိုင်းလောက်မှာ‌တော့ စက်သုံးဆီ လုပ်ငန်းပိုင်ရှင်တွေက နိုင်ငံခြား ငွေကြေးလဲလှယ်မှု ကြန့်ကြာလို့ စက် သုံးဆီ ဝယ်ယူရခက်ခဲ‌ပါတယ်ဆိုတဲ့ အကြောင်းပြချက်အပြင် သန်လျင်၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီသင်္ဘောတွေ ဆိုက်ကပ်ပြီးဖြစ်လို့ ဆီမပြတ်ပါဘူးဆိုပြီး ဆင်သေကို ဆိတ်သရေနဲ့ ဖုံးခဲ့ပြန်ပါတယ်။

နယ်မြို့တွေမှာ စက်သုံးဆီ ပြဿနာက ဆိုးဆိုးရွားရွား မဖြစ်ခဲ့ပေမယ့် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းကြီးတွေ လည်ပတ်‌ နေတဲ့ မြို့ကြီးတွေမှာတော့ အခက်အခဲတွေ ပိုပြီးရင်ဆိုင်လာရပါတယ်။ မေလနောက်ဆုံးအပတ်ထဲမှာတော့ ပြည်တွင်း စက်သုံးဆီ ရှားပါးမှုနဲ့ဈေးနှုန်းကြီးမြင့်မှုဟာ ဖုံးမရဖိမရဘဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါတော့တယ်။ စက်သုံးဆီဈေး တွေလည်း နှစ်ဆကျော် မြင့်တက်လာပါတယ်။

ဇွန်လ လဆန်းပိုင်းကစလို့ မြို့ကြီးတွေမှာ စက်သုံးဆီ စပြီး ပြတ်လပ်လာတာပါ။ ဈေးနှုန်းကလည်း ပိုပြီး ကြီးမြင့်လာလို့ မှောင်ခိုဈေးကွက်တွေ ပေါ်လာပါတယ်။ ခေတ်ပျက်ထဲမှာ လုပ်စားကြတဲ့ ငွေကြေးတတ်နိုင်သူတွေက စက်သုံးဆီတွေ စပြီး သိုလှောင်လာတာပါ။

ဒါဟာ ခေတ်အဆက်ဆက် ဖြစ်ပျက်လာတဲ့ ရေပေါ်ဆီလူတန်းစားတွေရဲ့ မရိုးနိုင်၊ မပြီးနိုင်တဲ့ ခေါင်းပုံဖြတ် အမြတ်ကြီး ထုတ်မှုပါ။ အခြေခံလူတန်းစားတွေသာ နောက်ဆက်တွဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်လာရပြန်ပါတယ်။

ဇွန်လ ဒုတိယအပတ်မှာတော့ မြို့ကြီး တော်တော်များများမှာ ဆက်သုံးဆီ ပြတ်လပ်လို့ ဆီဆိုင်တွေ ပိတ်သိမ်းရပါ တယ်။ ပြည်သူတွေအနေနဲ့ ဖွင့်ထားတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ တိုးကြိတ် ဝယ်ယူရသလို မှောင်ခိုဈေးကွက် ထဲမှာ ပုံမှန်ထက် ၃ဆ‌ဈေးကြီးပေး ဝယ်ယူလာရတာပါ။ ဒါဟာ အာဏာသိမ်းစစ်တပ်ရဲ့ လှည့်ကွက်တစ်ခုပါလို့ နိုင်ငံ ရေးသမားတွေက သုံးသပ်ပါတယ်။

ပြည်သူတွေကို စားဝတ်နေရေးမှာသာ လုံးပမ်းနေစေချင်ပြီး တော်လှန်ရေးမှာ မပါဝင်နိုင်ဖို့ အကွက်ကျကျ စီစဉ်တာပါ လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။ ဇွန်လ ၁၀ရက်နေ့မှာတော့ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ရှားပါးမှု အခက်အ ခဲကြောင့် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေရလဲ ဆိုတာကို စုံးစမ်းသိရှိရတဲ့ နောက်ဆုံးရ သတင်းအချက်အ လက်တွေနဲ့ စာဖတ်ပရိသတ်ကို ရေးသားဖော်ပြပေးပါမယ်။

ရန်ကုန်မြို့
—————
မြန်မာနိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ရှိရာ စီးပွားရေးမြို့တော်ပါ။ စက်သုံးဆီ အသုံးပြုပြီး အဓိက လည်ပတ်နေရတဲ့ လုပ်ငန်းတွေ အများကြီးရှိသလို အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေမှာလည်း စက်သုံးဆီက အဓိကကျပါတယ်။ ဆီဆိုင်ကြီးတွေ စက်သုံးဆီပြတ်လို့ ပိတ်ထားရတဲ့ အခြေအနေကိုလည်း စုံစမ်းသိရှိရပါတယ်။ ဖွင့်တဲ့ ဆီဆိုင်တွေမှာ တော့ ယာဉ်ပိုင်ရှင်တွေ အချိန်တော်တော်ကြာ တန်းစီနေရတာပါ။ စက်သုံးဆီကို အသုံးပြုပြီး ပြေးဆွဲရတဲ့ အငှားယာဉ် တွေ မပြေးဆွဲတော့ပါဘူး။ CNG ကို အသုံးပြု‌ပြေးဆွဲတဲ့ အငှားယာဉ်တွေသာ မြို့တွင်းမှာ မောင်းနှင်နေတာပါ။ လုပ်ငန်း တော်တော်များများလည်း လုပ်ငန်းခေတ္တ ရပ်နားထားကြပါတယ်။ မြို့စွန်က ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူအချို့ လည်း လုပ်ငန်းရပ်နားထားပါတယ်။ အခြေခံလူတန်းစားတွေသာ စတေးခံ ဖြစ်ခဲ့ပြန်ပါတယ်။

မန္တလေး
———–
ရန်ကုန်လောက် ပိတ်ထားရတဲ့ ဆီဆိုင်တွေ မများပေမယ့် ဆီဆိုင်အချို့တော့ ပိတ်ထားရပါတယ်။ ဆိုင်ကယ်ကို အဓိက ထားတဲ့မြို့ဖြစ်လို့ ဆီဈေးတွေမြင့် တက်လာတာ‌ကြောင့် မြို့တွင်းသွားလာမှု နည်းသွားပါတယ်။ တချို့ အိမ်တွင်း စက်မှု၊ လက်မှု အသေးစားလုပ်ငန်းတွေ ပိတ်ထားရပါတယ်။

ရှမ်းပြည်နယ်
——————
ရှမ်းပြည်နယ်ထဲမှာလည်း စက်သုံးဆီပြတ်လပ်တဲ့ အခက်အခဲကို ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်မှာ ပိန်းရိုးခြောက်ရောင်းချတဲ့လုပ်ငန်းနဲ့ ရပ်တည်နေရသူတွေလည်း စက် သုံးဆီဈေးမြင့်တက်လို့ လုပ်ငန်းတွေ ရပ်နားထားရပါတယ်။

အင်းလေးကန်ထဲက စက်လှေပြေးဆွဲသူအချို့လည်း လုပ်ငန်း ရပ်နားထားရပါတယ်။ တောင်ကြီးမြို့ပေါ်မှာတော့ ပုံမှန် လည်ပတ်နေပေမယ့် စက်သုံးဆီ အသုံးပြုရတဲ့ လုပ်ငန်းအချို့ ခေတ္တပိတ်သိမ်းထားတာပါ။ ပိတ်ထားတဲ့ ဆီဆိုင်တွေ တော့ အများကြီး မရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။

နေပြည်တော်
——————-
စစ်တပ်အခြေစိုက် မြို့တော်ဖြစ်ပါတယ်။ Non CDM ဝန်ထမ်းတွေ အများဆုံးနေထိုင်တဲ့မြို့တော်ပါ။ အာဏာသိမ်း စစ်တပ်နဲ့ပတ်သက်သူတွေ အများဆုံး‌ အခြေချ နေထိုင်ကြတာပါ။ ဆီဆိုင် အသေးလေးတွေပိတ်ပေမယ့် အများစုက တော့ ပုံမှန်လည်ပတ်နေပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် အာဏာသိမ်း စစ်တပ်က စက်သုံးဆီ သိုလှောင်မှုတွေ ရှိနိုင်တယ် လို့ သုံးသပ်လို့ရမယ် ထင်ပါတယ်။

ရခိုင်ပြည်နယ်
——————–
လတ်တလော စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက်ကြောင့် ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်နယ်က ငါးဖမ်းလုပ်ငန်းရှင်တွေက ပြောဆိုကြပါ တယ်။

ယခင်က ဒီဇယ်ဆီ တစ်ပေပါကို ကျပ် ၁သိန်းခွဲဝန်းကျင်ကနေ ၂သိန်းလောက်ထိသာ အမြင့်ဆုံးပေးဝယ်ခဲ့ကြရပေမယ့် လက်ရှိမှာတော့ ကျပ် ၅သိန်းအထိ ဈေးပေါက်နေတဲ့အတွက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ တွက်ခြေမကိုက် ဖြစ်နေရ တာပါ။

ကမ်းနီးငါးဖမ်းလှေတွေက တစ်ညအိပ်ခရီးလောက်သာ ပင်လယ်ပြင်ထွက်ကြပြီး လိုအပ်တဲ့ဆီကို တစ်ခေါက်စာ ဖြည့်လို့ရနိုင်ပေမယ့် ကမ်းဝေးကို ထွက်ဖမ်းရတဲ့လှေတွေမှာတော့ လှေမောင်းတဲ့စက်နဲ့ မီးစက်အတွက်ဆိုရင် လှေတစ် စီးကို ၂၅ဂါလံကနေ ၃၀လောက်ထိအသုံးပြုရပြီး ကျောပိုက်တစ်လက်ကို လှေသုံးစီးထိ အသုံးပြုရတာကြောင့် ကုန်ကျ စရိတ်တွေ များပြားပါတယ်။

ဒေသတွင်း ဆီဈေးတွေမြင့်တက်နေတာကြောင့် ငါး၊ ပုစွန်၊ ဂဏန်း စတဲ့ပင်လယ်စာတွေလည်း ဈေးကြီးပေးဝယ်ယူနေရ ပါတယ်။ လျှပ်စစ်မီးကို အဓိကသုံးစွဲနေရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာလည်း မီးမရတာကြောင့် ပင်လယ်စာတွေ ကို လိုအပ်သလောက်သာ ဝယ်ယူကြတဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေ အကျဘက်ကို ဦးတည်နေတာပါ။ စက် သုံးဆီ ဝယ်ယူရခက်ခဲနေသလို့ ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ ကြုံနေရပါတယ်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း
……………………………………..
မြိတ်နဲ့ ကော့သောင်းမြို့မှာ ဒီနေ့မနက် ဆီဆိုင်တွေ အားလုံးနီးပါးရုတ်တရက် ပိတ်ချလိုက်လို့ အခက်တွေ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်တချို့အဖမ်းခံရတာနဲ့အတူ လိုင်စင်မရှိတဲ့ဆိုင်တွေ ဖမ်းမယ်ဆိုတဲ့သတင်းကြောင့် ဆီဆိုင်ငယ်တွေအားလုံး ပိတ် လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဆီဆိုင်ကြီးအချို့ပဲ ဖွင့်လှစ်ထားပြီးအကန့်အသတ်နဲ့ရောင်းပေးနေလို့ ပြည်သူတွေ တန်းစီဝယ်ယူနေကြရပါ တယ်။

ဆီဆိုင်ငယ်လေးတချို့ကတော့ ဆီတစ်လီတာဘူးကို ငါးထောင်ကျပ်အထိ စျေးတင်ရောင်းနေတာတွေရှိနေတယ်လို့ မြို့ ခံတစ်ဦး ပြောပါတယ်။ ထားဝယ်မြို့မှာ စက်သုံးဆီဝယ်ယူရတာ အရမ်းကြီး မခက်ခဲပေမယ့် ဆီဈေးတော့ မြင့်တက်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း
…………………
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လတ်မှုဖြစ်နေတာကြောင့် ဆီဆိုင် ၁၇ဆိုင်ရှိရာ ၁၄ဆိုင် ထက်မနည်း အရောင်းရပ်ဆိုင်းထားလိုက်ရပြီလို့ ပုသိမ်မြို့စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါ တယ်။

ဧရာဝတီတိုင်းရဲ့ အခြားမြို့တွေမှာလည်း စက်သုံးဆီကို အဓိကအသုံးပြုလုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊ အသေး စား၊ အလတ်စားအိမ်တွင်းမှု၊ စက်မှုလက် မှုလုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ တစ်ရက်နဲ့တစ်ရက် စက်သုံးဆီကို တန်းစီစောင့်ဝယ်ရတာ၊ လိုအပ်သလောက်ဝယ်မရတာ၊ အိမ် ဆိုင်တွေမှာ ဆီဈေးမြင့်တက်လာတာတွေကိုလည်း ကြုံနေရတာပါ။

ပဲခူး
——
ပဲခူးမြို့မှာလည်း စက်သုံးဆီ ပြတ်လပ်မှူနဲ့ ကြုံတွေနေရပါတယ်။ စက်သုံးဆီ ဆိုင်အချို့ ပိတ်သိမ်းထားရလို့ ပြည်သူ တွေ စက်သုံးဆီဝယ်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဆီသိုလှောင်ထားသူတွေ ရှိလို့ တရားမဝင် ရောင်းချတဲ့ဆိုင်တွေ လည်း များလာတာပါ။ စစ်တပ်နဲ့ နီးစပ်သူတွေက စက်သုံးဆီ ပြန်ပြီးရောင်းချတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်
……………………
အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာပါ။ ဖားအံမြို့ပေါ်မှာ ဆီဈေးတွေတက်နေပေမယ့် ဝယ်ယူရတာ အရမ်းကြီး မခက်ခဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တစ်ချို့ စီးပွားရေးသမားတွေက စက်သုံးဆီကို ထိုင်းဘက်ခြမ်း က တင်သွင်းတာလည်းရှိတယ်လို့ ပြောကြပါတယ်။ စက်သုံးဆီဈေးကြီးမြင့်မှုနဲ့ ရင်ဆိုင်ရပေမယ့် ဝယ်ယူရ အရမ်းမခက် ခဲဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းနဲ့ မတ်လလယ်နှောင်းပိုင်းတွေမှာ လောင်စာဆီစျေး အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး ဧပြီလလယ်မှာ စျေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပေမယ့် ဧပြီလကုန်ပိုင်းလောက်ကစလို့ ပြန်မြင့်တက်လာ တာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ထုတ်ပြန်ထားပါတယ်။

မေလ ၂၂ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို တန်ချိန်ပေါင်း ဓာတ်ဆီ ၁၇၂၀၀ သယ်ဆောင်လာတဲ့ MT YU HAI သင်္ဘောနဲ့ တန်ချိန်ပေါင်း နှစ်သောင်း သယ်ဆောင်လာတဲ့ Aberlour သင်္ဘော ၂စီးရောက်ရှိထားတယ်လို့ MPTA က ပြောဆိုထားပါတယ်။