Home သတင်း MOU အလုပ်သမားဝင်ရောက်မှုများကို စောင့်ကြည့်ကူညီပေးသွားမည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများပြော

MOU အလုပ်သမားဝင်ရောက်မှုများကို စောင့်ကြည့်ကူညီပေးသွားမည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများပြော

961
Photo: ကဆောဝါး (KIC)

မေလ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားများမှ တစ်ဆင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MOU) စနစ်ဖြင့် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများပို့ဆောင်ရေးအစီအစဉ်များကို စောင့်ကြည့်ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူများက ပြောသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ယခုလာမည့် မေလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်သွားရန် နှစ်နိုင်ငံ ညှိနှိုင်းပြင်ဆင်မှုများ ပြုလုပ်နေကြပြီး ထိုင်းနိုင်ငံ၏ အလုပ်သမား လိုအပ်ချက်အရ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများကို ခေါ်ယူသွားမည်ဖြစ်ကာ MOU အစီအစဉ်၏ အားနည်းချက် အားသာချက်များအပေါ် လေ့လာစောင့်ကြည့်သွားမည်ဟု မဲဆောက်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက ယခုလိုပြောသည်။

“MOU အစီအစဉ်က ထိုင်းအလုပ်ရုံ၊ စက်ရုံ ကုမ္ပဏီတွေဘက်က အလုပ်သမားအပေါ် တာဝန်ယူ ခေါ်ဆောင်ပြီး အလုပ်သမားဥပဒေနဲ့အညီ အခွင့်အရေးတွေပေးရမှာဖြစ်တယ်။ မြန်မာဘက်က အလုပ်သမား ပို့ဆောင်တဲ့ အေဂျင်စီတွေ အနေနဲ့လည်း အလုပ်သမားပို့ဆောင်မှုအပိုင်းမှာ လုပ်ငန်းခွင် လိမ်လည်ပို့ဆောင်တာတွေ ပွဲစားဆန်ဆန် လုပ်ဆောင်နေတာတွေ ရှိ၊ မရှိ ကျနော်တို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပွဲစားများ၏ လိမ်လည်ဖြားယောင်းသွေးဆောင်မှုများဖြင့် နေ့စဉ်လူကုန်ကူးခံရခြင်း ၊ ယာဉ်မတော်တဆဖြစ်ခြင်းနှင့် အဖမ်းခံရမှုများ နေ့စဉ်ခံနေရပြီး ထိုင်းဥပဒေအရ အရေးယူမှုပါ ခံနေကြရသည့်အပေါ် ယခုလို တံတားများ ပြန်လည်ဖွင့်လှစ်ပြီး ခိုးဝင်မှုမရှိဘဲ MOU စနစ်ဖြင့် ပြန်ဝင်ရောက်လာရမည့်အပေါ် ကြိုဆိုကြောင်းလည်း အဆိုပါ အလုပ်သမားအရေးဆောင်ရွက်သူက ဆက်ပြောသည်။

ကိုဗစ်၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး အခြေအနေများကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များကို (၂) နှစ်ကျော်ကြာ ပိတ်ထားရာမှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် မြန်မာအလုပ်သမားများသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာကြပြီး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရမှု၊ လမ်းခရီးမတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများရှိနေသလို လူပွဲစားများ၏ လိမ်လည်ခံရမှု၊ တောလမ်းခရီးများတွင် စွန့်ပစ်ခံရမှုနှင့်ပိတ်လှောင်ခံရမှုများကိုလည်း ခံကြရမှုများရှိကြောင်းကို ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ကိုဗစ်ကူးစက်ခံရမှု လျှော့နည်း သက်သာလာချိန်တွင် ထိုင်းနိုင်ငံအတွင်းခရီးသွား ကန့်သတ်ချက်များကို ယခုနှစ် ဧပြီလမှစ၍ လျှော့ချ ထုတ်ပြန်ခဲ့ပြီး အလုပ်သမားခေါ်ယူရေး စည်းကမ်းချက်များကို ထပ်မံထုတ်ပြန်ထားကာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်ကြရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ထို့အတူ ယခု မေလအထိ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ကန်ချနဘူရီ၊ မြဝတီ-မဲဆောက်၊ ဘုရားသုံးဆူ-စံခလဘူရီ နယ်စပ်ဂိတ်များကို တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံနယ်ခြားကော်မတီများ၏ ညှိနှိုင်းမှုများဖြင့် ပြင်ဆင်ဆောင်ရွက်နေကြချိန်အထိ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နေ့စဉ် ရာနှင့်ချီဖမ်းဆီးခံရမှု ရှိနေဆဲဖြစ်သည်။