Home သတင်း ကန့်သတ်ဖိတ်ကြားမှုဖြစ်၍ စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု မတက်ရောက်နိုင်ဟု KNU ထုတ်ပြန်

ကန့်သတ်ဖိတ်ကြားမှုဖြစ်၍ စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု မတက်ရောက်နိုင်ဟု KNU ထုတ်ပြန်

846

မေလ ၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ကြားမှုမှာ ကန့်သတ်ဖိတ်ကြားပုံစံ ဖြစ်နေပြီး သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက မေလ (၉)ရက်နေ့တွင် ၎င်းတို့၏အွန်လိုင်းစာမျက်နှာမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်၊ မြန်မာနှင့် အင်္ဂလိပ် ဘာသာသုံးခုဖြင့် ထုတ်ပြန်လိုက်သည့် ကေအဲန်ယူကြေညာချက်ထဲတွင် ငြိမ်းချမ်းရေးဖိတ် ခေါ် ဖိတ်ကြားမှုမှာ မျှော်မှန်းထားသကဲ့သို့ ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင် ပဋိပက္ခများလည်း ချုပ်ငြိမ်းနိုင်မည်မဟုတ်ဟု ရှုမြင်သုံးသပ်သည်ဟု ဖော်ပြထားသည်။

လက်ရှိအခြေအနေသည် နိုင်ငံအနှံ့ဖြစ်ပေါ်နေသော တိုက်ပွဲများ၊ စစ်ပွဲများကြောင့် ပြည်သူများမှာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖန်တီးဖြစ်ပေါ်စေ၍ စစ်ကောင်စီနှင့်ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုသည် ပြည်သူလူထုအတွက် လူသားချင်းစာနာမှု ဝင်ရောက်ခွင့်နှင့် အရေးပေါ် အကူအညီပေးရေးဆိုင်ရာ ဆွေးနွေးပွဲများသာ ဖြစ်ရမည်ဟုလည်း ကေအဲန်ယူက ထည့်သွင်းပြောဆိုသည်။

အလားတူ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်အသစ်သည် ဆွေးနွေးဖက်များအကြား “နိုင်ငံရေး စိတ်ဆန္ဒရှိမှု”ကို အခြေခံ၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းခြင်း၊ တပ်မတော်မှ နိုင်ငံရေးတွင် မပါဝင်တော့ခြင်းနှင့်အတူ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကိုလက်ခံခြင်းများ အပါအဝင် အဆင့်ဆင့်သော ဆွေးနွေးမှုများတွင် နိုင်ငံတ ကာ၏ပါဝင်မှုအခန်းကဏ္ဍတို့ ရှိရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KNU ပြောခွင့်ရ ပဒိုစောတောနီးက “အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားတွေအပြင် လူအများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေပါ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေတာတွေက တစ်နှစ်ကျော်အတွင်းမှာ တိုက်ပွဲတွေ သတ်ဖြတ်မှုတွေ တော်လှန်မှုတွေ ဘယ်လောက်များလဲဆိုတာ လူတိုင်းသိတယ်။ တချို့ကိုငြိမ်းချမ်းရေ စားပွဲဝိုင်းမှာ တွေ့ဆုံပြီး ထိုင်ဆွေးနွေးမယ်ပြောပြီး တချို့ကိုကျတော့ အဖျက်အမှောက်လုပ်တဲ့သူတွေ အကြမ်းဖက်သမားတွေလို့ ပြောနေရင် ဘယ်မှာ သွားပြီး အဖြေရှာကြမှာလဲ။ အရင်လိုပဲ ကန့်သတ်ချက်တွေနဲ့ပဲဆိုရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွင် ယခင် NCA အပစ်ရပ်ထားသည့် KNU/KNLA – ငြိမ်းချမ်းရေးကောင်စီ(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)တို့ ဖြစ်ကြောင်း သိရသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့ PPST အစည်းအဝေးမှာ သွားတက်ဖို့ သဘောထားပေးတာက ၅ဖွဲ့ပေါ့။ အဲ့မှာ PC ကော DKBA ကော ပါတာပေါ့။ သွားတက်ရတဲ့ အဓိက ရည်ရွယ်ချက်က ပြောရရင် ငြိမ်းချမ်းရေးအတွက်ပဲပေါ့။ ပြန်ကြည့်ရင် ကျနော်တို့ဒေသမှာဖြစ်စေ၊ အခြားဒေသတစ်ခုစီတိုင်းမှာ ပြည်သူ တွေဒုက္ခကြုံနေရတာတွေအတွက် ကျနော်တို့ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေကို ဘယ်လို ပြန်စနိုင်မလဲ၊ ဘယ်လိုနည်းလမ်းတွေ အတူတကွရှာနိုင်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။”ဟု ကေအိုင်စီသို့ပြောသည်။

၎င်းဖိတ်ကြားမှုအပေါ် ကရင်လက်နက်ကိုင်အဖွဲ့များအနက် KNU/KNLA-PC အနေဖြင့် အဖွဲ့၏ ဥက္ကဌ ဒေါက်တာ နော်ကပေါ်ထူး ကိုယ်တိုင် ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသော်လည်း DKBA အနေဖြင့် လက်ရှိ အချိန်တွင် တက်ရောက်မည့်သူ မရွေးချယ်ရသေးကြောင်း DKBA ၏ ဗဟိုစစ်ရေးချုပ် ဗိုလ်မှူးကြီးစောမြင့်စိုးက ပြောသည်။

ဗိုလ်မှူးကြီးစောမြင့်စိုးက “ဘယ်သူသွားမလဲဆိုတာတော့ စစ်ဦးစီးချုပ် မဆုံးဖြတ်ရသေးဘူး။ သွားဆွေးနွေးမယ်လို့ တော့ ပြောတာပဲ။ အဖွဲ့ထဲ ပြန်တွေ့ပြီးမှ ဆုံးဖြတ်ကြမယ်ထင်တယ်။”ဟု ကေအိုင်စီ၏ မေးမြန်းမှုအပေါ် ဖြေဆိုသည်။

ပြီးခဲ့သည် မေလ ၆ရက်နှင့် ၇ရက်နေ့များတွင် တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့ ၁၀ဖွဲ့၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST က အထူးစည်းဝေးပွဲခေါ်ယူခဲ့ရာ၌ ၇ဖွဲ့သာ အစည်းအဝေး တက်ရောက်ခဲ့ပြီး အဆိုပါငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တက်ရောက်ခြင်းရှိမရှိ သဘောထားပေးခဲ့ကြသည်။

ထိုအထဲတွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ကမူ မိခင်အဖွဲ့အစည်းတွင် အခက်အခဲများရှိသဖြင့် ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ကြောင်း သဘောထားမှတ်ချက်ပြုကြသလို CNF၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အနေဖြင့်လည်း မတက်ရောက်ကြောင်း မေလ ၈ရက်နေ့ က သဘောထား ထုတ်ပြန်ထားသည်။

အလားတူ အပစ်ရပ်လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၁ဖွဲ့အနက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ကလည်း ယင်းဖိတ်ခေါ်မှုကို တက်ရောက်မည်မဟုတ်ကြောင်း မေလအစောပိုင်းက သဘောထားထုတ်ပြန်ထားသလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေ ဖြင့်လည်း ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ(FPNCC)အနေဖြင့် မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေနှင့်ဆို လျှင် မတက်ရောက်ကြောင်း သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ၎င်းတို့၏ရုပ်မြင်သံကြားမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သလို တစ်ဖွဲ့ချင်းစီအလိုက်လည်း စာပေးပို့ ဖိတ်ခေါ်ခဲ့သည်။

ယင်းသို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို မေလ (၉)ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် ပါရှိသော်လည်း ဆွေးနွေးပွဲကို မည်သည့်နေရာ၊ မည်သည့်နေ့ရက်တွင် ပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။