Home သတင်း MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ဝင်ရောက်သည့် မြန်မာအလုပ်သမားများ ဝန်ဆောင်ခ ၂ဆမြှင့်တက်လာ

MOU စနစ်နှင့် ထိုင်းနိုင်ငံသို့ဝင်ရောက်သည့် မြန်မာအလုပ်သမားများ ဝန်ဆောင်ခ ၂ဆမြှင့်တက်လာ

218
Photo: JACBA.

မေလ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မေလ ၁၀ရက်နေ့မှစ၍ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU စနစ်နှင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား အလုပ်သမား ပြန်လည်စေလွှတ်ကာ အလုပ်သ မားများ၏ ပေးရသည့် ကုန်ကျစရိတ် ဝန်ဆောင်ခ ၂ဆ မြင့်တက်လာကြောင်း အလုပ်သမားအဖွဲ့များက ပြောဆိုသည်။

ယခင်က ပေးဆောင်ရသည့် MOU ဝန်ဆောင်ခကို နှစ်ဖက်အစိုးရက တရားဝင် သတ်မှတ်ချက်စုစုပေါင်းမှာ ၅သိန်းကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုအချိန်တွင် ၂ဆပိုများသည့်အပြင် အေဂျင်စီနှင့် ပွဲစားများသည်လည်း ငွေပိုတောင်းခံ သည့်အတွက် တစ်ဦးလျှင် စုစုပေါင်း ၁၈သိန်းမှ ၂၅သိန်းအထိ ပေးဆောင်နေရသည်ဟု မြန်မာနိုင်ငံ အလုပ်သမားများ ကို ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးမိုးကျော်က ပြောသည်။

၎င်းက “အရင်တုန်းက မြန်မာပြည်ဘက် ဝန်ဆောင်ခက ၁သိန်းခွဲပဲ ရှိတယ်။ ထိုင်းဘက် ဝန်ဆောင်ခက ဘတ် ၃၆၀၀ပဲ ရှိတယ်။ ဗီဇာကြေးက ၅၀၀ဘတ်။ စုစုပေါင်း အစိုးရသတ်မှတ်ထားတာက ၅သိန်းဝန်းကျင်လောက်ပဲရှိတယ်။ ဒါပေမယ့် မြေပြင်မှာ အေဂျင်စီတွေ ပွဲစားတွေက ၈သိန်းကနေ ၁၀သိန်းအထိ ကောက်ခံတာရှိတယ်။ အခုက မြန်မာပြည်ဘက် တရားဝင် သတ်မှတ်တာတောင် ၃သိန်းရှိပြီး ထိုင်းဘက်က ဘတ် ၇၅၀၀၊ ဗီဇာကြေးက အရင် ၅၀၀ဘတ်ကနေ အခု ၁၉၀၀ ပေးရတယ်။ ပြီးရင် ပွဲစားတွေကပိုတောာင်းတာရှိသေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ နိုင်ငံတည်ငြိမ်မှု မရှိသေးသည့်အချိန်တွင် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် အလုပ်သ မားများကို စေလွှတ်သည်ဟု သုံးသပ်ကြသလို နိုင်ငံဝင်ငွေရရှိရန် တစ်ဖက်လှည့်၍ ငွေကြေးအခက်အခဲရှိသည့် အလုပ် သမားထံ မတရား ဝန်ဆောင်ခ ၂ဆ တောင်းခြင်းလည်းဖြစ်နိုင်သည်ဟု အလုပ်အသမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုနေကြသည်။

တရားဝင် MOU လုပ်ငန်းစဉ် ပြန်လည်စတင်သည့် မေလ ၁၀ရက်နေ့တွင် ထိုင်းနိုင်ငံထဲသို့ အလုပ်သမား ၂၀၀ကျော် ဝင်လာပြီး မေလ ၁၁ရက်နေ့တွင် အလုပ်သမား ၃၀၀ကျော် ထပ်မံ ဝင်ရောက်ကာ နှစ်ရက်အတွင်း အလုပ်သမား ၅၀၀ ကျော် ဝင်ရောက်လာသည်ဟု သိရသည်။

Photo: JACBA.

အဆိုပါ MOUအလုပ်သမားများသည် ကိုဗစ် -၁၉ ရောဂါကူးစက်မှု မပြန့်ပွားချိန် ၂၀၂၀ခုနှစ်ကတည်း ထိုင်းနိုင်ငံသို့သွား ရောက်လုပ်ကိုင်ရန် သဘောတူထားသည့် အလုပ်သမားများဖြစ်ပြီး အများစုမှာ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ရခိုင် ပြည်နယ်မှ ဝင်ရောက်လာသော အလုပ်သမားများဖြစ်ကြောင်းလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း၊ အသားငါးထုတ်လုပ်သည့်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုပေးသည့်အချိန်တွင် အောက်ခြေအလုပ်မား လုပ်ကိုင်သူ အလုပ်သမားများလိုအပ်သည်ဟု ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာနက ပြောဆိုထားခြင်းရှိခဲ့သဖြင့် ယင်းလုပ်ငန်းများထဲတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ရန် ဖြစ်နိုင်သည်ဟု အလုပ် သမားအရေးလုပ်ဆောင်သည့်အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံရှိ စမွတ်ပါကန်မြို့၊ ဓာတ်ဆီဆိုင်တွင် လက်ရှိ အလုပ်လုပ်ကိုင်နေသူ ကရင်လူငယ်က “ကျနော်တို့ဆိုရင် ဒီနှစ် ပတ်စ်ပို့တို့ သက်တမ်းပြန်တိုးရတာ ပွဲစားနဲ့လုပ်တော့ ၁၃၀၀၀ဘတ် ကုန်တယ်။ အဲဒါတစ်နှစ်ပြည့်ရင် ပြန်ထပ်တိုးရအုံး မယ်။ ထိုင်းမှာအလုပ်လုပ်တာ ရတဲ့လစာနဲ့ ပတ်စ်ပို့သက်တမ်း တိုးရတာနဲ့ အများကြီး မစုနိုင်ဘူး။ ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရနဲ့က အတူတူပဲ။ အလုပ်သမားအပေါ်မှာ လုပ်စားတာ။”ဟု ဆိုသည်။

၎င်းအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံပြီး လုပ်သက် ၄နှစ်ရှိတွင် လုပ်ခလစာ ၁၃၀၀၀ဘတ် ရှိသော်လည်း အလုပ်သမားအသစ်များမှာ ဘတ် ၈၀၀၀၊ ၉၀၀၀ ရရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း များတွင်မူ တစ်ရက်လျှင် ဘတ် ၄၀၀ ရရှိသော်လည်း လုပ်ငန်းခွင်၌ မတော်တဆထိခိုက်မှုရှိပါက အာမခံချက်မရှိ ကြောင်းလည်း ပြောဆိုသည်။

စစ်ကောင်စီတပ် အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေများလာသည့်အတွက် အချို့မှာ ထိုင်း နိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ခဲ့သည့်အတွက် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရသကဲ့သို့ နယ်စပ်တစ်လျှောက်တွင်လည်း ထိုင်းနယ်ခြားစောင့်တပ်များ၏ စောင့်ကြည့်မှုများလည်းရှိကြောင်း သိရသည်။