Home သတင်း ရှေ့တန်းထွက် BGF တပ်သားအတွက် တစ်အိမ်လျှင် ဘတ်(၅၀၀) ပေးဆောင်ရန် တောင်းခံ

ရှေ့တန်းထွက် BGF တပ်သားအတွက် တစ်အိမ်လျှင် ဘတ်(၅၀၀) ပေးဆောင်ရန် တောင်းခံ

1087

မေလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ရှေ့တန်းထွက် နယ်ခြားစောင့်တပ် (BGF) တပ်သားအတွက်ဟုဆိုကာ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုတစ်စုလျှင် ထိုင်းဘတ်ငွေ ၅၀၀ ပေးဆောင်ရန် တောင်းခံလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ရွှေကုက္ကိုလ်ကျေးရွာအုပ်စုရှိ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများအား နယ်မြေခံ BGF တပ်ဖွဲ့က အစည်းအဝေးခေါ်ယူပြီး ထိုသို့ ငွေတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်ရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူတို့ပြောတာက တစ်အိမ် ၅၀၀(ဘတ်) ထည့်ရမယ်ပေါ့။ ဘာဖြစ်လဲဆိုရင် စစ်သားဖြစ်တဲ့လူတွေကို အနောက်ဘက်က ထောက်ပံ့ပေးသလိုပေါ့။ အခုကောက်နေပြီးဆိုတော့ ပိုက်ဆံစ ထည့်ရပြီးပေါ့။ ရွာမှာ စစ်သားအသစ်ကောက်ခံတာတွေတော့ မရှိသေးပါဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ငွေကောက်ခံနေရသည့် ကျေးရွာများမှာ သဲပုံ၊ ဝမ်းခါဟောင်း၊ ချောင်းဆုံ၊ မယ်ပီ၊ ထီးလော်သေစသည့် BGF တပ်ဖွဲ့၏ စိုးမိုးနယ်မြေတွင်းရှိ ကျေးရွာများဖြစ်ပြီး ဘတ်ငွေ(၅၀၀)သည် မြန်မာကျပ်ငွေ နှစ်သောင်းခွဲ ၊ သုံးသောင်းဝန်းကျင်စျေးရှိသည့်အတွက် ငွေကြေးတတ်နိုင်သူများအတွက် အခက်အခဲမရှိသော်လည်း လက်လုပ်လက်စား ဒေသခံများအတွက်ကမူ အခက်အခဲရှိဟု ပြောဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ဆက်သွယ်မေး၍ မရရှိသေးပါ။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁ နယ်မြေ) ၊ ဖားအံမြို့နယ်တွင်လည်း ဒေသခံလူထုများကို ပေါ်တာဆွဲရန်အတွက် လိုက်လံဖမ်းဆီးမှုများရှိသလို ဖမ်းဆီးခံရသည့် ဒေသခံအချို့လည်း ငွေတောင်းပြီးပြန်လွှတ်ပေးသူများရှိခဲ့သည်ဟု သိရသည်။

ထိုသို့ ပေါ်တာလိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ရှိ ကျေးရွာအချို့မှ အမျိုးသားလူငယ်အမြောက်အများမှာ နေအိမ်မပြန်ရဲသေးဘဲ ယနေ့အချိန်ထိ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။