Home သတင်း သံတောင်တွင် ကင်းလှည့်စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ လက်နက် (၂)လက် KNLA သိမ်းဆည်းရမိ

သံတောင်တွင် ကင်းလှည့်စစ်ကောင်စီတပ်သား ၂ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံး၊ လက်နက် (၂)လက် KNLA သိမ်းဆည်းရမိ

1067
Photo: CJ

ဧပြီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့နှင့်ပျားစခန်းရွာအကြားရှိ ၁၁ မိုင်ကုန်းအနားတွင် ယနေ့ ဧပြီလ ၂၀ရက်နေ့ နံနက် ၆နာရီခွဲခန့်က ခြေလျင်ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သား (၂) ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးသေဆုံးသွားခဲ့သည်ဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် ကင်းလှည့်စစ်ကောင်စီတပ်သား (၂)ဦးထံမှ လက်နက် (၂) လက်ပါ KNLA တပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ဒေသအခြေစိုက် Taw Oo Karen News ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ဒီမနက် ၆ နာရီခွဲလောက်မှာ စစ်သား ၂ ယောက် ၁၁ မိုင်မှာ တက်လာတယ်။ အဲဒီမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ ၂ ယောက်လုံးသေသွားတယ်။ အဲဒီမှာ လက်နက် ၂ လက် ကောက်ယူလိုက်တယ်လို့ သိရတယ်။ ဖြတ်သွားတဲ့ အရပ်သားဆိုင်ကယ်တစ်စီးလည်း အနည်းငယ် ထိခိုက်သွားသေးတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁၃ မိုင်ရှိ စစ်ကောင်စီတပ်များသည် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး မိနစ် ၃၀ကျော်ကြာ လမ်းပိတ် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကားလမ်းကို ပြန်လည်ဖွင့်ပေးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

၎င်း ၁၁ မိုင်ကုန်းနေရာတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ၊ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်သားများ အလားတူ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်ဟု Taw Oo Karen News ၏ ဖော်ပြချက်အရ သိရသည်။