Home သတင်း မာထောရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရ

မာထောရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရ

784
Photo: KNU Mutraw News

ဧပြီလ ၂၄ ရက်။ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် မထောအခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈)လက် အောက်ခံ ခမရ(၄၀၈)တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေတွင် ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မထောကျေးရွာအုပ်စု၊ စောခလီးလိုကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ၈၁-မမအမြောက်စိန်ပြောင်း (၄)လုံးပစ်ချခဲ့ရာတွင် အသက် ၈နှစ်အရွယ် စောအောင်မင်း၏ ဘယ်ဘက်လက်ဆစ်အား ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုမတိုင်မီ စစ်ကောင်စီတပ်မှ ကင်းထောက်ဒရုန်းယာဉ်များအကြိမ်ကြိမ်စေလွှတ်ထောက်လှမ်းမှုများပြုလုပ်ကာ ဒရုန်းမှမှတ်တမ်းတင်ရရှိခဲ့သည့် မသင်္ကာသည့်နေရာမှန်သမျှနှင့် အပြစ်မဲ့ပြည်သူများကိုပင်မရှောင် လူသူနေနိုင်မည့်အရိပ်အယောင်အားလုံးအပေါ်သို့ အမြှောက်စိန်ပြောင်းများဖြင့်စတင်ပစ်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ် -BGF-များသည် အပြစ်မဲ့ပြည်သူများသွားလာနေထိုင်ရာ ကျေးရွာနှင့် လယ်ယာခြံမြေလုပ်ငန်းခွင်အတွင်းသို့ တမင်ရည်ရွယ်ကာ နေ့ညမပြတ် နေ့စဉ်ရက်ဆက် လက်နက်ကြီးများ ပစ်ခတ်မှု လုပ်ဆောင်နေသည်ဟု း KNU မူတြော်ခရိုင်က ပြောဆိုသည်။