ဧပြီ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ -မိတန်ကျေးရွာတွင် ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့အကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်ဒုံဘက်မှ တက်လာသည့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တို့ မိတန်-ချောင်းဖျား သုသာန်တွင် ထိပ်တိုက်ဆုံကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ ပစ်ခတ်မှုဖြစ်တာကြာတော့မကြာဘူး။ စစ်တပ်တွေက အဇင်းဘက်တက်ဖို့လားတော့မသိဘူး။ တက်လာတဲ့ လမ်းမှာ နှစ်ဖက်တိုးပြီး ပစ်ခတ်မှုဖြစ်တယ်။ ဒီနေ့ နေ့လည်မှာ အဲဒီမှာ သူတို့ အင်အားပြန်လာချတာ ညနေအထိပဲ။ သူတို့က ပြန်လည်မဆုတ်ဘူး၊ ဆက်လည်းမသွားဘူး။ အဲဒီအနီးနားမှာပဲ နေရာချထားတယ်။”ဟု ၎င်းဒေသခံက ပြောသည်။
ထိုသို့နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတွင် တပ်ချနေရာယူထားဆဲဖြစ်၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး မိတန်ရွာသားအချို့လည်း ညအချိန် ပြောင်းရွှေ့အိပ်နေကြရသည်ဟု သိရသည်။



















